Saturday 27 April 2013

“မဟာဗုဒ္ဓ၀င်အကျဉ်း (၁၃) ”


သမဏရဟန်းကို တွေ့မြင်ခြင်း
သိဒ္ဓတ္ထမင်းသားလေး သူသေကိုတွေ့မြင်ခဲ့ပြီး နန်းတော်ကို မပျော်မရွှင်ပြန်လာတယ်ဆိုတဲ့ သတင်း ဘုရင်သုဒ္ဓေါဓနနဲ့ ကပိလ၀တ္ထုတိုင်းသူပြည်သားများ ကြားသိလိုက်ရစဉ်မှာပဲ ဆောက်တည်ရာမရသကဲ့သို့ ဖြစ်တည်ခံစားသွားကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်ကြည်ညိုကိုးကွယ်တဲ့ ကာဠဒေ၀ီလရသေ့ကြီးနဲ့ ပညာရှိ ကောဏ္ဍဉတို့ရဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ပြီးပါက တောထွက်ကာ ရဟန်းပြုပြီး သဗ္ဗညူဘုရားအဖြစ်ကို ရအောင်ယူပါလိမ့်မယ်ဆိုတဲ့ နိမိတ်ဖတ်ထားမှု့ဟာ တစ်ဖြေးဖြေးနဲ့ မှန်ကန်လာတာကြောင့်ပါပဲ။ သူအို၊ သူနာ၊ သူသေဆိုတဲ့ သုံးမျိုးသော နိမိတ်တွေကို တွေ့မြင်ပြီးတဲ့နောက်မှာတော့ နောက်ဆုံး ရဟန်းဟူသော နိမိတ်ကို မတွေမမြင်ရလေအောင် ထူထပ်သော အစောင့်အကြပ်များကို ချအပ်စောင့်ကြပ်ထားကြပါတယ်။ သိဒ္ဓတ္ထမင်းသားလေးကို နန်းရင်ပြင်တော်ကနေမ ထွက်ဖို့ တားမြစ်လိုလည်း မရပါဘူး။ ဘာလိုလဲဆိုတော့ အဲဒီအချိန်မှာ သူဟာဘုရင်ဖြစ်နေတာကြောင့် အာဏာအရှိဆုံးသူတစ်ယောက် ဖြစ်နေလို့ပါပဲ။
၁၆နှစ်သားအရွယ်ကတည်းက နန်းစံလာတာဆိုတော့ နန်းစံနှစ်ကလည်း ၁၃ နှစ်ရှိလာပါပြီ၊ သက်တော်ကလည်း ၂၉ နှစ်ပြည့်ခဲ့ပါပြီ။
သူသေကို တွေ့မြင်ပြီးနောက် လေးလ လွန်မြောက်တဲ့အခါ စတုတ္ထအကြိမ်မြောက် ကပိလ၀တ္ထုတိုင်းပြည်ကို လှည့်လှည်စဉ်မှာတော့ ဥယျာဉ်ထဲမှာ အ၀ါရောင် သင်္ကန်းဝတ်ဆင်မြန်းပြီး တည်ငြိမ်အေးဆေးစွာ လျောက်လှမ်းလာတဲ့ ရဟန်း (သမဏ) တစ်ပါးကို သိဒ္ဓတ္ထမင်းသားလေး တွေ့မြင်လိုက်ပါတယ်။
ထိုသို့သော နိမိတ်လေးပါးကို မြင်တွေ့ရာမှာ တစ်ခုခုသော နိမိတ်ကို လေးလစီ၊ လေးလစီ ခြားပြီးမှမြင်ပါတယ်။ သုဒ္ဓါဝါသဘုံသား ရဟန္တာနတ်ဗြဟ္မာများက ဒီနိမိတ်ကြီးလေးပါးကို ဖန်ဆင်းပြီး သိဒ္ဓတ္ထမင်းသားလေးနဲ့ ဆန္နအမတ်တို့ နှစ်ဦးတည်းသာ မြင်ရုံဖန်ဆင်းပြပါတယ်။ ထိုသို့မြင်ရာမှာလည်း နန်းတော် အရှေတံခါးမှထွက်စဉ်အခါမှာ သူအိုဟူသော နိမိတ်ကိုမြင်ပါတယ်။ နန်းတော် တောင်ဘက်တံခါးမှထွက်စဉ်အခါမှာ သူနာဟူသော နိမိတ်ကိုမြင်ပါတယ်။ နန်းတော် အနောက်ဘက်တံခါးကနေ ထွက်စဉ်မှာ သူသေဟူသော နိမိတ်ကိုမြင်ပါတယ်။ နန်းတော် မြောက်ဘက်တံခါးကနေ ထွက်စဉ်မှာ ရဟန်းဟူသော နိမိတ်ကိုမြင်ပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ ရဟန်းတော်ကို စိတ်ဝင်တစား လေးလေးနက်နက်နဲ့ ကြည့်ရှု့နေစဉ်မှာ သူရဲ့စိတ်ထဲမှာ ငြိမ်းချမ်းပျော်ရွှင်မှု့ကို ခံစားလိုက်မိပါတယ်။ ဒါကြောင့် သူဟာ ဆန္နအမတ်ကို ခုလိုမေးပါတယ်။ “ဆန္န…၊ ဒီလူရဲ့ ဘ၀နေနည်းကဘာလဲ၊ အသက်မွေးဝမ်းကြောင်းအလုပ်က ဘာလဲ။ သူဟာဘာကြောင့် ပျော်ရွှင်ပုံပေါက်နေရတာလဲ၊ ဘာကြောင့် သူ့ရဲ့ဆံပင်တွေကို ရိတ်ဖြတ်ထားတာလဲ။”
“အရှင်မင်းသား၊ ဒီပုဂ္ဂိုလ်ဟာ လောက၏အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန်အတွက် အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာပြီး ဆင်းရဲခြင်း ဒုက္ခတို့မှ လွတ်မြောက်ရာလမ်းစဉ်ကို ရှာဖွေနေခြင်းဖြစ်တဲ့ မြတ်သောအကျင့်ကို ကျင့်ကြံနေတဲ့ ရဟန်း (သမဏ) ဖြစ်ပါတယ်၊ နောက်ပြီး တစ်ရွာပြီး တစ်ရွာ၊ တစ်မြို့ပြီး တစ်မြို့လှည်လည်ပြီး လူသားတွေကို ပျော်ရွှင်စွာ ဘယ်လိုနေထိုင်ရမယ်၊ သူတော်ကောင်းများဖြစ်အောင် ဘယ်လိုကျင့်ကြံရမယ်ဆိုတာကို ပြောကြားဟောပြနေသူဖြစ်ပါတယ်. အရှင်သား……….။” လို့ ဆန္နအမတ်က အဖြေစကား လျောက်ထားလိုက်ပါတယ်။
မင်းသားလေးဟာ ရဟန်း (သမဏ) ဆိုတဲ့ စကားသံလေး ကြားလိုက်ရစဉ်မှာပဲ သိပ်ကို ကျေနပ်ပျော်ရွှင်သွားမိပြန်ပါတယ်။
ပြီးတော့ သူကိုယ်တိုင် ရဟန်းထံ ချဉ်းကပ်ပြီး ရဟန်းပြုခြင်းရဲ့ ရည်ရွယ်ချက်ကို မေးမြန်းလျောက်ထားတော့ ဆန္နအမတ်ဖြေဆိုတဲ့အတိုင်းပါပဲ “ရဟန်းဆိုတာ လောက၏အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့အတွက် ကုသိုလ်တရားများ ပွားများအားထုတ်နေသူဖြစ်တယ်”လို့ ဖြေကြားလိုက်ပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ နှစ်သက်ခြင်းပီတိ၊ ချမ်းသားခြင်းသုခတွေ သူ့နှလုံးသားထဲမှာ ပြည့်ဝစွာခံစားဖြစ်တည်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာပဲ ဥယျာဉ်တော်ထဲမှာ တစ်နေကုန် ထိုင်နေပါတယ်။ နောက်ပြီး လောက၏အကျိုးစီးပွားအတွက် အိုခြင်း၊ သေခြင်း၊ နာခြင်းတို့မှ လွတ်မြောက်ရာဖြစ်တဲ့ သန္တိသုခ-ချမ်းသာခြင်းအစစ်အမှန်ကို ရှာမယ်ဆိုရင်တော့ ဒီလိုရဟန်းဝတ်ဖြင့်သာ ရှာဖွေမှ တကယ်ရမည်ဆိုတာကို တွေးမိပြီး ရဟန်းဝတ်ဖို့ သူခိုင်မာစွာ သန္နိဌာန်ချလိုက်ပါတယ်။
မကြာခင်အချိန်လေးမှာပဲ နန်းတွင်းအမတ်တစ်ယောက်က ဘုရင်သုဒ္ဓေါဓနရဲ့ အမိန့်တော်အရ အပြေးကလေးချဉ်းကပ်လာပြီး ယသော်ဓရာမိဖုရား သားဦးရတနာ ဖွားမြင်ကြောင်းသတင်းစကားကို လျောက်တင်လိုက်ပါတယ်။ သားတော်လေး ဖွားမြင်တယ်ဆိုတဲ့ သတင်းစကားကြားလိုက်စဉ်မှာပဲ သိဒ္ဓတ္ထမင်းသားလေး ချစ်ခင် နှစ်သက်မှု့ပီတိများ ရိုးတွင်းခြင်ဆီအထိ ဖြစ်တည်သွားပါတယ်။ တစ်ဆင့်တည်း သူစဉ်းစားမိလိုက်တာက “သားတော်တစ်ယောက်အတွက် ဒီလောက်အနှောင်အဖွဲ့ကြီးနေမယ်ဆိုပါက နောင်အခါ သားတော်တွေများပြားဖြစ်ပေါ်လာလိမ့်မယ်၊ အဲဒီအခါမှာ ပိုပြီး တောထွက်ဖို့ ခက်ခဲလိမ့်မယ်၊ ငါ ဒီနေ့ပဲ တောထွက်မယ်..”လို့ စဉ်းစားမိပြီး “အင်း……ရာဟုသည် လကို ဖမ်းသကဲ့သို့ တောမထွက်နိုင်အောင် င့ါကို ဖမ်းမယ့် သားတော်ပဲလို့ တွေးပြီး ရာဟု ဖွားပြီးလို့ နှုတ်ကမြွက်ဆိုလိုက်မိပါတယ်။” သိဒ္ဓတ္ထရဲ့ နှုတ်မြွက်စကားအတိုင်းပဲ အဘိုးဖြစ်သူ ဘုရင်သုဒ္ဓေါဓနက မြေးတော်လေးကို ရာဟုလာ..လို့ အမည်ပေးလိုက်ပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ အချိန်တန်တဲ့အခါ ဥယျာဉ်တော်ကနေထွက်ခွာပြီး နန်းတော်ကို ပြန်ခဲ့ပါတော့တယ်။ နန်းတော်မြိုအတွင်းကို ၀င်ရောက်လာတဲ့အခါမှာ “ဤသို့သော သားကို ဖွားမြင်ပေးရသော မိခင်သည် အဘယ်မျှ အေးချမ်းလေမည်နည်း၊ ဤသို့သော သားကို ဖွားမြင်ပေးရသော ဖခင်သည် အဘယ်မျှ အေးချမ်းလေမည်နည်း၊ ဤသို့သော ယောက်ျားကို ခင်ပွန်းပြုရသော အမျိုးသမီးသည် အဘယ်မျှ အေးချမ်းလေမည်နည်း။” ဆိုတဲ့ ကိသာဂေါတမီရဲ့ ချီးမွမ်းသံကို သူကြားလိုက်မိပါတယ်။ ဗဟုသုတအဖြစ် ပါဠိလေးပါ မှတ်ထားလိုရအောင် စာချစ်သူကို ပေးသိလိုက်ပါတယ်။
“နိဗ္ဗုတာ နှုန သာ မာတာ။ နိဗ္ဗုတော နှုန သော ပိတာ၊ နိဗ္ဗုတာ နှုန သာ နာရီ၊ ယဿာယံ ဤဒိသော ပတိ။”
ကိသာဂေါတမီဟာ မင်းသားလေးကိုတွေ့မြင်တဲ့အခါ သူ့ရင်ထဲကခံစားချက်တွေကို ထုတ်ဖော်ကျူးရင့်လိုက်တာပါပဲ။ သူရည်ရွယ်တာက လောကီချမ်းသာကိုပါ။ ဒါပေမယ့် မြင့်မြတ်သူတို့ရဲ့ နားလည်သဘောပေါက်ခြင်းဟာ တစ်မျိုးဖြစ်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေး နားလည်လိုက်တဲ့ ချမ်းသာဆိုတာက လောကုတ္တရာ နိဗ္ဗာန်ချမ်းသာအစစ်ကိုပါပဲ။
“ငါကို မွေးဖွားပေးတဲ့ မိခင်၊ဖခင်တို့ တကယ်ပဲ အေးချမ်းကြရဲ့လား။ ငါ၏ကြင်ယာသက်ထား ယသော်နဲ့ ငါ၏သားတော် ရာဟုလာနဲ့အတူ ကပိလ၀တ္ထုတိုင်းသူပြည်သားများရော တကယ်ပဲ အေးချမ်းကြရဲ့လား။ ငါကိုယ်တိုင်ရော တကယ်ပဲ အေးချမ်းပါရဲ့လား။” ဆိုပြီး ကိသာဂေါတမီရဲ့ ဥဒါန်းကျူးရင့်သံကို ကြာမိပြီး အခုလို သူတွေးနေမိလိုက်ပါတယ်။
အဲဒီအချိန်မှာ သိဒ္ဓတ္ထမင်းသားလေး မိခင်၊ ဖခင်၊ သက်ထားယသော်နဲ့ သားတော်ရာဟုလာတို့အတူ လူသားအားလုံးကို စစ်မှန်တဲ့ သန္တိသုခ-နိဗ္ဗာန်ချမ်းသာကို ငါရှာဖွေပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ နိဗ္ဗာန်-စစ်မှန်တဲ့ ချမ်းသာဆိုတာကို သိရှိလိုက်ရတာကြောင့် ကိသာဂေါတမီကို ကျေးဇူးတင်သည့်အနေနဲ့ သူရဲ့လည်ပင်းမှာ ဆင်မြန်းဝတ်ဆင်ထားတဲ့ တစ်သိန်းတန် ပုလဲလည်ဆွဲကို ချွတ်ကာ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။
သိဒ္ဓတ္ထမင်းသားလေး ကိသာဂေါတမီရဲ့ ဥဒါန်းကျူးရင့်သံကနေ သူအမှန်တကယ် ရှာဖွေရမယ့် ချမ်းသာအစစ်မှန်ကို သိလိုက်ပါတယ်။ ရှာဖွေရမယ့် ချမ်းသာအစစ်အမှန်ဆိုတာဟာလည်း အိုခြင်း၊ နာခြင်း၊ သေခြင်းကင်ရာ ဖြစ်တဲ့ သန္တိသုခ-နိဗ္ဗာန်ချမ်းသာပဲ ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်သွားပါတယ်။ အဲဒီ ချမ်းသာအစစ်မှန်ကို ရှာဖွေမယ်ဆိုရင်လည်း ရဟန်းဝတ်ဖြင့်ပင် ရှာဖွေမှ ရမယ်ဆိုတာကိုလည်း သိထားလိုက်ပါတယ်။
ဒါကြောင့် ဒီနေ့ညမှာပဲ သူချစ်တဲ့ ဖခင်သုဒ္ဓေါဓန၊ ကြင်သူသက်ထား ယသော်ဓရာ၊ သားတော်ရာဟုလာ၊ သတ္တ၀ါအများအတွက် သန္တိသုခ-နိဗ္ဗာန်ချမ်းသာအစစ်ကို သူရှာဖွေပေးနိုင်ရန်အတွက် တောထွက်ဖို့ သန္နိဌာန် ချမှတ်လိုက်ပါတော့တယ်။

No comments:

Post a Comment