Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၁၂)"


“သူသေကို တွေ့ပြီ”
နန်းတော်ကနေ စတင်ထွက်လာတုန်းက လျောက်လှမ်းခဲ့တဲ့ ခြေလှမ်းတွေနဲ့ နန်းတော်အပြန်လမ်းတစ်လျောက်မှာ လျောက်လှမ်းတဲ့ ခြေလှမ်းတွေဟာ လုံးဝမတူတော့ပါဘူး။ သိသိသာသာကို ကွဲပြားခြားနားသွားတော့ အမှန်ပါပဲ။ အသွားတုန်းက ပျော်ရွှင်ခြင်း တက်ကြွခြင်း ပေါ့ပါးခြင်းတွေနဲ့ အတူတူ လျောက်လှမ်းခဲ့တာပါ၊ အပြန်လမ်းအတွက်ကတော့ မပျော်ရွှင်ခြင်း ငြိုးငယ်ခြင်း လေးလံခြင်းတွေနဲ့ အတူတူလျှောက်လှမ်းခဲ့ရပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ နန်းတော်ရောက်ပြီဆိုရင်ပဲ အဲဒီ နာခြင်းတရားဆိုတာကို မကြာမဏဆိုသလို လေးလေးနက်နက်တွေးတောမိနေဆဲပါပဲ။ နာခြင်းတရားကနေ လွပ်မြောက်ဖို့ လမ်းစဉ်ကိုလည်း တစ်နေ့နေ့မှာ ရှာဖွေတွေ့ရှိဖို့အတွက် စဉ်းစားဆုံးဖြတ်ထားလိုက်ပါတယ်။ ဖခင်သုဒ္ဓေါဓနရဲ့ စိတ်ကျေနပ်ဖွယ်ရာ၊ စိတ်ချမ်းမြေ့စရာလို့ ယူဆပြီး မင်းသားလေးကို လိုလေးသေးမရှိ ဖြည့်ဆည်းပေးထားတဲ့ နန်းတော်အသုံးအဆောင်၊ ကညာပျို များရဲ့ သီဆိုသံ၊ ချော့မြူသံတွေဟာ တကယ်တော့ သူအတွက် ကျေနပ် ၀မ်းမြောက်စရာ တကယ်အစစ်အမှန်တွေ မဟုတ်ခဲ့ပါဘူး။
သားတစ်ယောက်အပေါ် မျှော်လင့်ထားတဲ့ သူ့ရဲ့မျှော်လင့်ချက်တွေဟာ တကယ်ဖြစ်လာဖို့ အရိပ်အရောင်တောင်မှ မတွေ့မမြင်ရလို့ ဘယ်လောက် စိတ်အားငယ်ပြီး မပျော်မရွှင်နဲ့ အားမလိုအားမရဖြစ်နေမယ့် ဖခင်သုဒ္ဓေါဓနရဲ့ ရင်ထဲက ခံစားချက်တွေကို တွေးမြင်ကြည့်လိုက်မယ်ဆိုရင်တော့ တကယ် ဘယ်လိုခံစားနေရမယ်ဆိုတာ သိနိုင်ပါတယ်။ ဒီလို အဖြစ်အပျက်တွေ မတွေ့ရှိစေဖို့၊ နန်းတော်ကနေ ထွက်ခွာဖို့ တွန်းအားဖြစ်စေမယ့် အရာတွေ မဖြစ်ပေါ်လာစေဖို့၊ ဒီလို အိုခြင်း၊ နာခြင်းတရားတွေကို မေ့ပျောက်ကာ နန်းတော်မှာ ထာဝရနေစေပြီး စကြာဝတေးမင်း တစ်ယောက်ဖြစ်ဖို့အတွက် ငယ်ရွယ် နုပျို အလှတွေပိုတဲ့ ကညာပျိုတွေ အရင်ကထက်ပိုပြီး အဆမတန်ဖြည့်ဆည်း ဖျော်ဖြေစေခဲ့တာ မဟုတ်ပါလား။
ဒီလိုနဲ့ လအတန်ငယ် ကျော်လွန်လာတယ် ဆိုပါတော့။ ဒီတစ်ကြိမ်လည်း သိဒ္ဓတ္ထမင်းသားလေးက တိုင်းသူ၊ ပြည်သားများရဲ့ လုပ်ဆောင်မှု လုပ်ဆောင်မှု့များကို ပိုမိုမြင်ရဖို့အတွက် လျောက်လည်ခွင့်ကို ထပ်မံတောင်း ဆိုပါတယ်။ ဒီတစ်ကြိမ်လည်း သားကို ချစ်တဲ့မေတ္တာနဲ့အတူ တားမြစ်လည်းပဲ မရမယ်မှန်းသိနေ ရှိနေတာကြောင့် ဘုရင်သုဒ္ဓေါဓန သားတော်ကို ခွင့်ပြုလိုက်ရပြန်ပါတော့တယ်။
ဒီတစ်ကြိမ်လည်းပဲ သိဒ္ဓတ္ထမင်းသားလေးရော နောက်ပါ ဆန္နတို့ဟာ အရပ်သားတစ်ယောက်လို ၀တ်စားပြီးတော့ ကပိလ၀တ္ထုပြည်ရဲ့ နေရာအနှံ့အပြားကို လျောက်လည်ကြည်ရှု့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခေါက်က လူနာတစ်ယောက်ကို တွေ့မြင်တဲ့ နေရာရောက်သွားတယ်ဆိုရင်ပဲ သိဒ္ဓတ္ထမင်းသားလေးဟာ အဲဒီနားခြင်းဆိုတာကို အတွေးဝင်မိသွားပါတော့တယ်။
“ဆန္န၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူသားတိုင်း နာခြင်းတရားကို ရင်ဆိုင်တွေ့ကြုံ ခံစားရမယ်ဆိုတာ အမှန်ပဲနော်။
ဟုတ်ပါတယ်….အရှင်မင်းသား အရှင်မင်းသားရော ကျွန်ုပ်တို့ပါ တစ်နေနေ တစ်ချိန်ချိန်မလွဲမသွေ ရင်ဆိုင်ရမှာပါ။
ဒါဆိုရင် ဆန္နရယ်… ဒီလောကကြီးထဲမှာ အသက်ရှင်ရပ်တည်နေတဲ့ လူတစ်ယောက်အနေနဲ့ ညအိပ်ရာဝင်ပြီး နောက်တစ်ရက် မနက်ခင်းမှာ ဒီဖျားနာတဲ့ လူတစ်ယောက်လို ချက်ချင်းဖြစ်သွားနိုင်တယ်ဆိုတာ မသိသလို၊ တစ်နေနေ့ တစ်ချိန်ချိန် ကျရောက်လာမယ့် ဒီနာခြင်းတရားဆိုတာကို ကြောက်လန့်နေမှာပေါ့။ ဒါအမှန်လား ဆန္န…………………..။
ဟုတ်ပါတယ်…အရှင်မင်းသား၊ လောကကြီးမှာ ရှိတဲ့လူသားတိုင်းဟာ သူကိုယ်တိုင် ဘယ်နေ့ဘယ်ရက် ဘယ်အချိန်မှာ ဖျားနာလာမယ်၊ ဖျားနာခြင်းရဲ့ ဆင်းရဲခြင်းဝေဒနာတွေကို ခံစားလာရမယ်၊ နောက်ပြီး ဖျားနာခြင်းရဲ့ ဆင်းရဲခြင်း ဝေဒနာတွေကြောင့် သေခြင်းတရားကို ရင်ဆိုင်ကြုံတွေ့ သွားရမယ်ဆိုတာ ဘယ်သူဘယ်ဝါမှ မသိကြပါဘူး အရှင်မင်းသား…………….။
“သေခြင်းတရား……………” အို….ဆန္န၊ အသင် ဘာပြောလိုက်တာလဲ…..ဒီစကားဟာ င့ါအတွက် သိပ်ကိုထူးဆန်းနေပါတယ်….. ဆန္န…..သေခြင်းတရားဆိုတာ ဘာကိုပြောတာလဲ၊ သေတယ်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်တာလဲ ဆန္န……….။”
သိဒ္ဓတ္ထမင်းသားလေးနဲ့ ဆန္နတို့ ပြောဆိုနေတုန်းမှာပဲ ကပိလ၀တ္ထုပြည်ရဲ့ လမ်းမကြီးပေါ်မှာ ရှေ့ကလူလေးယောက်က ပျဉ်ချပ်တစ်ခုပေါ်မှာ ပိန်ပိန်ပါးပါးနဲ့ သွေးများခြောက်ခမ်းနေတဲ့ လူတစ်ယောက်ကို တင်ပြီးထမ်းလာတာရယ် သူရဲ့ နောက်က စိုးရိမ်ပှုဆွေးဝမ်းနည်းမှုတွေနဲ့ အတူ ငိုကြွေးလိုက်ပါလာတဲ့ လူတစ်စုကို တွေ့မြင့်လိုက်ပါတယ်။ အဲဒီတော့ ဆန္နက………
“အရှင်မင်းသား…..ဟိုမှာ လှမ်းကြည့်တော်မှုလိုက်ပါ……….”
သိဒ္ဓတ္ထမင်းသားလေးလဲ ဆန္နညွှန်ပြရာအရပ်ကို လှမ်းမျှော်ကြည့်လိုက်တော့ ငိုကြွေးမြည်တမ်းနေတဲ့ လူတစ်စုကို တွေ့မြင်လိုက်ပါတယ်။ နောက်ပြီး ရှုပ်တွနေတဲ့ ပါးပြင်တစ်ချို့၊ပွင့်ဟနေတဲ့ ပါးစပ်ဟောင်းလောင်းနဲ့အတူ စကားမပြော အလွန်ရုပ်ဆိုးအကျည်းတန်တဲ့ လူတစ်ယောက်ကို လူလေးယောက်က ပျဉ်ပြားတစ်ခုပေါ် ထမ်းလာနေတာကို တွေ့မြင်လိုက်ပါတယ်။
ဒီအခြေအနေကို တွေ့မြင်ရတာတောင် သိဒ္ဓတ္ထမင်းသားလေး သေခြင်းတရားဆိုတာကို မသိသေးပါဘူး။
အတော်အတန်အဝေးတစ်နေရာဆီ လျောက်လှမ်းကြီးပြီးတော့ လူတစ်စုရပ်တန့်လိုက်ကြပါတယ်။ နောက်ပြီးတော့ လူသေအလောင်းကို မီးရှို့ဖို့ ထင်းပုံတစ်ခုပေါ်ကို တင်ပြီး မီးစတင်ရှို့လိုက်ကြပါတယ်။
(ဒီနေရာမှာ သဂြိုလ်တာနဲ့ ပတ်သက်လို့ ၁။ အဂ္ဂိဈာပန-မီးရှို့၍ သဂြိုလ်ခြင်း၊ ၂။ဘူမိဈာပန-မြေမြှပ်၍ သဂြိုလ်ခြင်း၊ ဥဒကဈာပန-ရေမျှော၍ သဂြိုလ်ခြင်း ဆိုပြီး သုံးမျိုးရှိပါတယ်။ ဗဟုသုတအနေနဲ့ပါ)
အဲဒီအချိန်မှာ သိဒ္ဓတ္ထမင်းသားလေး ကြက်သီးမွှေးညင်းးတွေထပြီး ရုတ်တရက် အော်ဟစ်လိုက်မိတယ်။ အဲဒီလူဟာ သူရဲ့ ခြေထောက်တွေ၊ ဦးခေါင်းတွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မီးနဲ့အမြှိက်ခံနေတာကို ကြည့်ပြီးတော့ပေါ့။ ပြီးတော့ တုန်တုန်ယင်ယင်အသံနဲ့ ဆန္နကို……
”ဆန္န…….အဲဒီလူဟာ ဘာလို့အိပ်ပျော်ကာ အိပ်မောကျနေတာလဲ နောက်ပြီး သူ့ကို သူများက မီးရှို့နေတာကို ဘာလို့ခွင့်ပြုနေတာလဲ”
“အရှင်မင်းသား၊ အဲဒီလူဟာ သူသေတစ်ယောက်ဖြစ်ပါတယ်၊ သူ့မှာ ခြေထောက်တွေရှိပါတယ်၊ ဒါပေမယ့် သူမလျှောက်လှမ်းနိုင်တော့ပါဘူး။ သူ့မှာ နားတွေရှိပါတယ်၊ ဒါပေမယ့် ဘာကိုမှ မကြားနိုင်တော့ပါဘူး။ သူ့မှာ မျက်စိတွေရှိပါတယ်၊ ဒါပေမယ့် ဘာကိုမှ မမြင်နိုင်တော့ဘူး။ သူ့မှာ အသိစိတ်ဆိုလို ဘာကိုမှ မရှိတော့ပါဘူး…အရှင်မင်းသား………..။ သူ့မှာ ပူခြင်း၊ အေးခြင်း၊ နွေးခြင်း၊ ချမ်းခြင်းဆိုတဲ့ ခံစားမှု့တွေ ဘာဆိုဘာမှ မရှိတော့ပါဘူး။ သူဟာ သေဆုံးပြီးသူတစ်ယောက် ဖြစ်နေလို့ပါ …..အရှင်မင်းသား……………။”
“သေခြင်းတရား…….ဟုတ်သလား ဆန္န၊ ဒါကို သေတယ်လို့ ခေါ်တာလား………..။ ဆန္န ဘုရင့်သားတော် တစ်ယောက်လည်းပဲ ဒီလူလို တစ်နေနေ့သေရမှာလား၊ င့ါရဲ့ ဖခင်၊ င့ါရဲ့ ကြင်ယာတော် ယသော်နဲ့ အတူ လူသားတိုင်း တစ်နေ့ ဒီလို လူလိုပဲ မီးပုံပေါ်တင်ကာ မီးရှို့ခံကြရမှာလား ဆန္န…..။”
အသက်ရှင်နေတဲ့ လူသားတိုင်း တစ်နေ့မှာ သေကြရမှာ သေချာပါတယ် အရှင်မင်းသား……….။ သေခြင်းတရားကို ရှောင်လွဲဖို့ လမ်းမရှိပါဘူး။ ဘယ်သူမှ ထာဝရ အသက်ရှင်ကာ မရပ်တည်နိုင်သလို ဒီသေခြင်းတရား ဖြစ်ပေါ်လာခြင်းကို ဘယ်သူတစ်ယောက်မျှ မရပ်တန့်ပစ်နိုင်ပါဘူး အရှင်မင်းသား…………..။
သိဒ္ဓတ္ထမင်းသားလေး လုံးဝကို တိတ်ဆိတ်ကာ စကားတစ်လုံးမှ မပြောနိုင်အောင်ကို ငြိမ်သက်သွားပါတယ်။ သူ ဘယ်သူမှ မလွပ်မြောက်နိုင်တဲ့ ဒီသေခြင်းတရားကို လုံးဝ ကြောက်လန့်သွားပါတယ်။
မင်းသားလေးဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ နန်းတော်ကို ပြန်လှည့်လာခဲ့ပါတော့တယ်။ နန်းတော်ရောက် သူရဲ့ အိပ်ရာခန်းကိုဝင်ရောက်ပြီး တစ်ယောက်ထဲထိုင်ပြီးတော့ သူတွေ့မြင်ခဲ့ရတဲ့ သေခြင်းတရားဆိုတာကို တစ်နေ့လုံး လေးလေးနက်နက်စဉ်းစားနေမိတော့တယ်။
နောက်ပြီး သူ့ကိုယ်သူ စကားတွေပြောနေမိလိုက်တယ်။
“ဒီသေခြင်းတရားဆိုတာဟာ သိပ်ကို ကြောက်စရာ ကောင်းပါလား၊ လောကရှိလူသားတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန် မလွဲမသွေ သေရမယ်ဆိုပါလား၊ ဒီသေခြင်းတရားကို ဘယ်သူမှ မတားမြစ်နိုင်ဘူးဆိုပါလား၊ မရဏမ္ပိ ဒုက္ခံ-သေခြင်းတရားဆိုတာဟာလည်း တကယ့်ကို ဆင်းရဲခြင်းဒုက္ခတရားတစ်ခုပါလား။
အင်း….ဒီသေခြင်းတရားက လွပ်မြောက်မယ့်နည်းလမ်းတစ်ခုတော့ ရှိကိုရှိရမယ်၊ ငါရဲ့ ဖခင်၊ င့ါရဲ ကြင်ယာသက်ထား ယသော်ဓရာနဲ့ အခြားလူသားအားလုံး အိုခြင်း၊ နာခြင်း သေခြင်းတရားတွေ နောက်ထပ် ဖြစ်ပေါ်မလာနိုင်အောင် တားမြစ်ဖို့အတွက် ငါကိုယ်တိုင် ဒီမအိုရာ၊ အနာရာ၊ မသေရာလမ်းကို ရှာဖွေမယ်။ အကောင်းဆုံးနည်းနဲ့ မတွေ့တွေ့အောင် ငါရှာဖွေမယ်။”
စိတ်၊ ဆန္ဒ၊ ၀ီရိယနဲ့ ပညာများကိုသာ ထာဝရ ဦးဆောင်ပြီး တစ်ခုခုကို လုပ်မယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးပြတ် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ ပန်းတိုင်ကို မရောက်ဘူးဆိုတာ မရှိပါဘူး။

No comments:

Post a Comment