Saturday 27 April 2013

မဟာဗုဒ္ဓ၀င်အကျဉ်း (၁၄)


“မြတ်သောလမ်းသို့ ကြွချီလှမ်း (သို့) တောထွက်တော်မူခန်း”


ဖခင်သုဒ္ဓေါဓနဟာ သူ့ရဲ့မြေးတော်လေး ရာဟုလာရဲ့ မွေးနေ့မင်္ဂလာ ဆင်ယင်ကျင်းပဖို့အတွက် အလှပဆုံးနဲ့ အကအကျွမ်းဆုံး၊ သီဆိုမှု့မှာ အကျွမ်းကျင်ဆုံး မင်းသမီးများကို ဖိတ်ခေါ်စေပြီး ကြီးမားတဲ့ ညစာပွဲကြီးတစ်ခုကို ဆင်ယင်ကျင်းပဖျော်ဖြေစေခဲ့ပါတယ်။ တကယ်တော့ ဖခင်သုဒ္ဓေါဓနဟာ သားတော်လေးတစ်ယောက် ဖွားမြင်မြောက်လာပေမယ့်လည်း ပျော်ရွှင်ခြင်းအရိပ် နည်းနည်းကလေးမှ သားတော် သိဒ္ဓတ္ထရဲ့ မျက်နှာပေါ်မှာ မတွေ့မမြင်ရတာကြောင့် အမှန်သစ္စာတရားကို ရှာဖွေဖို့အတွက် နန်းတော်မှစွန့်ခွာ တော်ထွက်သွားမှာ အလွန်စိုးရိမ်ပြီး သူရဲ့အကောင်းအဆုံး ကာကွယ်ခြင်းတစ်ခုအနေနဲ့ ဒီကြီးမားတဲ့ မွေးနေ့မင်္ဂလာ ညစာစားပွဲကြီး ကျင်းပခြင်းပဲဖြစ်ပါတယ်။
ဒီမွေးနေ့မင်္ဂလာပွဲကြီးမှာ ကောင်းပေ့ အရသာရှိပေ့ဆိုတဲ့ စားကောင်း သောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ လှပတဲ့ အမျိုးသမီးငယ်လေးတွေ သီဆိုမှု့ ကခုန်မှု့မှာ အလွန်ကျွမ်းကျင်လှတဲ့ ကညာပျိုလေးတွေကို သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေတော်မှောက်မှာ ပျော်ရွှင်မှုတွေရရှိလာအောင် ဖျော်ဖြေကခုန်စေခဲ့ပါတယ်။
ပထမ တခဏတာအချိန်လေးအတွက်တော့ သိဒ္ဓတ္ထမင်းသားလေး ကညာပျိုများရဲ့ ကခုန် သီဆို ဖျော်ဖြေမှု့တွေကို ဖခင်သုဒ္ဓေါဓန စိတ်ကျေနပ်စေဖို့အတွက် ကြည့်ရှု့ပါသေးတယ်။ ဒါပေမယ့်လို့ သူရဲ့ အသိစိတ်ထဲ အတွေးစိတ်ထဲမှာတော့ “ဒီ ကြောက်စရာသိပ်ကောင်းတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ ငါနဲ့ အားလုံးသောသူများ ဘယ်လိုလွတ်မြောက်နိုင်မလဲ။ လွတ်မြောက်ဖို့ လမ်းစဉ်ကို ဘယ်လိုရှာဖွေမလဲဆိုတာကိုပဲ”တွေးမိ ဆင်ခြင်မိနေတာပါပဲ။ ခဏအကြာမှာတော့ မင်းသားလေးဟာ ပင်ပန်းလာတာကြောင့် မှေးစက်အိပ်ပျော်သွားပါတော့တယ်။ ကပြ သီဆို ဖျော်ဖြေနေတဲ့ အမျိုးသမီးလေးတွေအတွက်လည်း သိဒ္ဓတ္ထမင်းသားလေး မနိုးထခင်အထိတော့ နားနေခွင့်ရတာကြောင့် သူတိုလည်းပဲ ကခုန်သီဆိုခြင်းကို ရပ်ဆိုင်းပြီး အနားယူ အိပ်စက်သွားကြပါတော့တယ်။
ခဏအကြာမှာတော့ သိဒ္ဓတ္ထမင်းသားလေးဟာ အိပ်ပျော်ရာမှ နိုးထလာပါတော့တယ်။ ပင်ပန်းမှု့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ အမျိုးသမီးများကို သူတွေ့မြင်လိုက်ပါတယ်။ “အို……..ဘယ်လိုမြင်ကွင်းမျိုးကြီးလဲ၊ ငါ့ကို ပျော်ရွှင်အောင် လွန်ခဲ့တဲ တစ်နာရီခန့်အချိန်က ကပြဖျော်ဖြေခဲ့တဲ့ လှပပြီး ဆွဲဆောင်ဖွယ် ကောင်းလှတဲ့ အချောအမောဆုံး အမျိုးသမီးများဟာ ပင်ပန်းမှု့ကြောင် ကြမ်းပြင်ပေါ်မှာ တစ်ချို့က ဒူးပေါ်ပေါင်ပေါ်နှင့် တစ်ချို့က ပါးစပ်ဟောင်းလောင်းန နဲ့ သူတို့ရဲ့ လှပတဲ့မျက်နှာတွေကို ညစ်ညမ်းစေတဲ့ သွားရည်များတစ်စက်စီ ကျဆင်းနေပုံနဲ့ တစ်ချို့က သွားတွေကြိတ်ကာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ သရဲတစ္ဆေများလို ကျယ်လောင်သော အသံတွေအော်ဟစ်ယောင်ယမ်းပြီးတော့ အရုပ်ဆိုးအကျည်းတန် ရွံရွာဖွယ် မြင်ကွင်းများကို ဘ၀သရုပ်မှန် ဖော်ပြကာ ကြမ်းပြင်ပေါ်၊ သလွန်ညောင်စောင်းပေါ် ခုံတန်းလျားပေါ်မှာ လဲလျောင်းအိပ်စက်နေကြပါလား။” အဲဒီအချိန်မှာ မင်းသားလေး တုန်လှုပ်ခြောက်ခြားကာ မပျော်မရွှင်ဖြစ်သွားပါတော့တယ်။ ဒီမြင်ကွင်းတွေကို မြင်တွေ့လိုက်ပြီး သူကိုယ်တိုင် နန်းတော်ထဲမှာ နန်းတော်ထဲမှာ နေရသလို ရောက်နေသလို မထင်တော့ဘဲ သုဿာန်သင်္ချိုင်းတစ်ခုထဲကို ရောက်ရှိနေသလို တွေးထင်လိုက်ပြီးတော့ ငါအခုချက်ချင်းပဲ နန်းတော်ကနေစွန့်ခွာပြီး အိုခြင်း နာခြင်း သေခြင်းကင်းတဲ့ ချမ်းသာရာအစစ်ကို ရှာဖွေဖို့အတွက် မြတ်သောတောထွက်ခြင်းကို ပြုတော့မယ်လို့ ခိုင်မာစွာဆုံးဖြတ်ပြီး မိမိရဲ့ သလွန်ပေါ်ကနေ အမျိုးသမီးများ မနိုးထမိစေအောင် တိတ်ဆိတ်ငြင်သာစွာထပြီး မင်းသားလေးရဲ့ အလိုရှိလျှင် အဆင်သင့်ဖြစ်ဖို့လိုရည်ပြီး တံခါးခုံကို ခေါင်းအုံးကာ အိပ်စက်နေတဲ့ ဆန္နအမတ်ရှိရာကို လျှောက်လှမ်းကာ နိုးထစေပြီးတော့ “ဆန္န ထလော့……ယခုပင်တောထွက်ဖို့ ငါဆုံးဖြတ်ပြီးပြီ။ င့ါအတွက် ကဏ္ဍကမြင်းကို အသင့်ပြင်ချေ။”လို့ မှာကြားလိုက်ပါတယ်။
တကယ်တော့ ဆန္နဟာလည်း သိဒ္ဓတ္ထမင်းသားလေးကို သိပ်ချစ်ပါတယ်။ သိပ်ချစ်လို့လည်း တောမထွက်စေဘဲ စကြာဝတေးမင်းဖြစ်စေချင်ပါတယ်။ သို့ပေမယ့်လည်း တားမြစ်ဖို့အတွက်တော့ သူ့မှာသတ္တိမရှိပါတာကြောင့် “ကောင်းပါပြီ အရှင်မင်းသား”လို့ ပြောဆိုပြီး ကဏ္ဍကရှိရာ မြင်းဇောင်းကို ထွက်ခွာခဲ့ပါတယ်။ ပြီးတော့ ကဏ္ဍကမြင်းကို ညင်သာစွာ ဆွဲခေါ်လိုက်စဉ်မှာပဲ ကဏ္ဍကမြင်းက “အင်း…..အခြားနေ့တွေလို ဥယျာဉ်တော်မှာ လှည့်လည် စီးဖို့အတွက် ဆွဲခေါ်ငင်သလိုမျိုးမဟုတ်ဘဲ ဒီနေ့တော့ င့ါကို သူညင်သာစွာ ဆွဲခေါ်နေပါလား။ ဒါဆို သိဒ္ဓတ္ထမင်းသားလေးဟာ ဒီနေ့ပဲ မြတ်သောတောထွက်ခြင်းအမှု့ကို ပြုတော့မယ်ဆိုတာ သေချာတယ်။ ”လို့တွေးမြင်ပြီးတော့ ပျော်ရွှင်ခြင်းဖြစ်ကာ ကပိလ၀တ္ထုပြည်တစ်ခုလုံး ကြားနိုင်လောက်အောင် မြည်ဟီးလိုက်ပါတယ်။ ဒါပေမယ့် နတ်တို့က တန်ခိုးတော်နဲ့ မည်သူမျှမကြားအောင် ပိတ်ထားကြောင့် မြိုတော်သူ/သားများ မကြားမိလိုက်နိုင်ပါဘူး။ ကဏ္ဍကမြင်းဟာ သန်မာပြီး လျင်မြန်စွာပြေးနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့တစ်ကိုယ်လုံးဟာလည်း လျော်ဖွတ်ထားတဲ့ခရုသင်းလို စွတ်စွတ်ဖြူနေတဲ့ ကိုယ်ခန္ဓာပါ။ ပြီးတော့ သူ့ခန္ဓာကိုယ်ဟာ ၁၈တောင်ထိအောင် ရှည်လျားမြင့်မားတယ်လို့စာမှာ ပြထားပါတယ်။
နန်းတော်ကနေစွန့်ခွာဖို့ ဆုံးဖြတ်ပြီးချိန် ဆန္နက ကဏ္ဍကမြင်းကို ပြင်ဆင်နေချိန်မှာပဲ ဖွားခါစ သားတော်ရာဟုလာလေးနဲ့ ကြင်ယာတော် ယသော်ဓရာကို နောက်ဆုံးအနေနဲ့ တောမထွက်ခင် ကြည့်ရှု့ဖို့အတွက် ယသော်ဓရာ၏ အိပ်ဆောင်ခန်းမတော်ကို လျှောက်လှမ်းလာခဲ့ပါတယ်။
(ဇာတကဌကထာမှာတော့ အဌာကထာကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသက ရာဟုလာဖွားမြင်ပြီး ၇ ရက်မြောက်နေမှာ ဘုရားအလောင်းတောထွက်တယ်လို့ ဖြည့်ပြောထားပါသေးတယ်။)
အဲဒီအချိန်မှာ ယသော်ဓရာဟာ နံ့သာတိုင်များ ခပ်မှိန်မှိန်လင်းလျက်ရှိနေတဲ့ မြတ်လေးပန်းတို့ ဖြန့်ကျဲခင်းကျင်းထားတဲ့ သလွန်ညောင်စောင်းပေါ်မှာ သားတော်လေးနဲ့အတူ အပြစ်ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ အဆောင်တော်ရဲ့ တံခါးခုံပေါ်မှာ ရပ်ပြီးတော့ ကြည့်လိုက်ပါတယ်။ ယသော်ဓရာက သားတော်လေးရဲ့ မျက်နှာတော်ပေါ်မှာ လက်ကလေးတင်ကာ အိပ်စက်နေတာပါ။ မင်းသားလေးဟာ သားတော်လေးကို ပွေ့ယူကာ နမ်းရှိုက်လိုက်ချင်မိပါတယ်။ ဒါပေမယ့်လည်း "သားတော်လေးကို ကောက်ယူပွေ့ယူလိုက်မယ်ဆိုရင် ယသော်နိုးထလာမှာပဲ။ ယသော်သာနိုးထလာမယ်ဆိုရင် င့ါကို နန်းတော်ကနေမထွက်ခွာဖြစ်အောင် တားမြစ်မှာ သေချာတယ်။ မဖြစ်ဘူး ငါအခုချက်ချင်းပဲ တောထွက်တော့မယ်။ သန္တိသုခ-ချမ်းသာအစစ်မှန်ဖြစ်တဲ့ နိဗ္ဗာန်ကိုတွေ့မြင် ဘုရားအဖြစ်ကိုရောက်ရှိပြီးမှပဲ သားတော်လေးနဲ့အတူ ယသော်ဓရာကို ကြည့်ဖို့ငါပြန်လာမယ်”လို့တွေးမိပြီး စိတ်ကိုမနည်းချူပ်တည်းကာ ယသော်ဓရာရဲ့ အိပ်ဆောင်ကနေ ဆင်းသားလာခဲ့ပါတယ်။
သိဒ္ဓတ္ထမင်းသားဟာ ယသော်ဓရာရဲ့ အိပ်ဆောင်ကနေ ဆင်းသားလာခဲ့ပြီးတော့ ကဏ္ဍကမြင်းနားကို ချဉ်းကပ်ကာ “အချင်းကဏ္ဍက….ဒီည ငါ့ကို အဝေးကိုခေါ်ဆောင်သွားပေးပါ။ သင်၏ အကူအညီနှင့် အားအင်ကိုသာ ငါရမယ်ဆိုရင် နတ်နဲ့ တကွသော လူသား သတ္တ၀ါများကို ဆင်းရဲခြင်းတွေအပြည့်ဖုံးလွမ်းနေတဲ့ ဟောဒီလောကကြီးကနေ ကယ်တင်နိုင်တဲ့ ဘုရားအဖြစ်ကို ငါရရှိပါလိမ့်မယ်။” လို့ပြောဆိုပြီးတော့ ကဏ္ဍကရဲ့ ကျောက်ကုန်းပေါ်ကို ညင်သာစွာတက်စီးပြီး ဆန္နက ကဏ္ဍကရဲ့အမြီးကိုကိုင်စေပြီးတော့ မြို့တော်ရဲ့ တံခါးဝကို ချဉ်းကပ်စဉ်မှာပဲ မြိုတော်တံခါးက နတ်တို့ရဲ့ တန်ခိုးတော်ကြောင့် အလိုလိုပွင့်ဟပြီးသား ဖြစ်နေပါတယ်။ တကယ်တော့ ဖခင်သုဒ္ဓေါဓနဟာ သားတော်ကို နန်းတော်ကနေစွန့်ခွာ တောထွက်ခြင်းကို ဖျောင်းဖြ နားချကာ တားမြစ်လိုမရမှန်းသိလေတော့ နန်းတော်တံခါး လေးဝလုံးမှာ အစောင့်အကြပ်ထူထပ်စွာချထားစေပြီး တကယ်လို မင်းသားလေးသာ တံခါးဝကို ချဉ်းကပ်လာမယ်ဆိုရင် တားမြစ်ပိတ်ပင်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ နောက်ပြီးတော့ နန်းတော်တံခါးတစ်ခုတစ်ခုကို သန်မာတဲ့ယောင်္ကျား ၁၀၀၀ မကာဖွင့်စေဦးတော့ မရွှေလျားနိုင်အောင် လေးလံခိုင်မာစွာပြုလုပ်ထားပါတယ်။ ဒီလို လေးလံခိုင်မာတဲ့ တံခါးကို သိဒ္ဓတ္ထမင်းသားလေးတစ်ယောက်တည်းဖွင့်ပြီး တောထွက်နိုင်မယ်မဟုတ်ဘူးလို့လည်း ဖခင်သုဒ္ဓေါဓန တွေးထင်ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဘုရားအလောင်း သိဒ္ဓတ္ထဟာ (the strength of ten billion elephants) ဆင်ပြောင်ကဋာအင်အား၊ (the strength of one hundred billion men) လူပေါင်း ၁ရာဘီလျှံတို့ရဲ့ အင်အားနဲတူမျှတဲ့ ကြီးမားတဲ့အင်အားရှိတယ်လို့ ဆိုပါတယ်။
နန်းတော်ကနေ ထွက်လာပြီးစမှာပဲ မာရ်နတ်က ဘုရားအလောင်းသိဒ္ဓတ္ထကို ပြန်လှည့်အောင် လုပ်မယ်လိုတွေးပြီးတော့ ကောင်းကင်ပေါ်ရပ်တည်ကာ “အရှင်မင်းသား တောထွက်တော်မမူပါနဲ့။ နောက် ၇ ရက်ကြာလျှင် လေးကျွန်းလုံးကို အစိုးရသော စကြာမင်းဖြစ်ဖို့အတွက် စကြာယာဉ်ပျံတော် ဆိုက်ရောက်လာပါတော့မယ်။” လို့ပြောတော့….
“အို………မာရ်နတ် နောက် ၇ရက်ကြာလျှင် စကြာရတနာဆိုက်ရောက်လာမယ်ဆိုတာ ငါသိပါတယ်။ ထိုစကြာမင်းစည်းစိမ်ကို ငါအလိုမရှိပါ။ ငါသည် ဘုရားအဖြစ်ကိုသာ ရအောင် ကြိုးစားတော့မယ်လို့" ခိုင်မာစွာပြောဆိုပြီးတော့ တိတ်ဆိတ်သော ဉာဥ့်သန်းခေါင်းအချိန်မှာ ဆန္နနဲ့အတူ ကဏ္ဍကမြင်းကို စီးလျက် ကပိလ၀တ္ထုနေပြည်တော်မှ ယူဇနာ သုံးဆယ်ဝေးကွာသော အနော်မာမြစ်ကမ်းသို့ ထွက်တော်မူခဲ့ရာ အရုဏ်တက်ချိန်တွင် အနော်မာမြစ်ကမ်း၏ တစ်ဖက်ကမ်းသို့ ရောက်ရှိခဲ့ပါတယ်။ အနော်မာမြစ်ကမ်းဆိုက်ရောက်ပြီးတော့ မြင်းပေါ်မှဆင်းကာ သူ၏ နန်းဝတ်အသုံးအဆောင်များဖြစ်တဲ့ ရွှေငွေလည်ဆွဲ လက်ဝတ်တန်ဆာတွေကို ချွတ်ပြီးတော့ ဆန္နအမတ်ကိုပေးအပ်ပြီး နန်းတော်ကို ပြန်ဖို့ပြောပါတယ်။
ထို့နောက် မိမိ၏သလျက်ဖြင့် ဆံတော်ကို ပယ်ဖြတ်ကာ “ငါသည် အကယ်စင်စစ် ဘုရားဖြစ်မည်ဆိုပါ ဤဆံထုံးတော်သည် ကောင်းကင်၌တည်ပါစေသတည်း အကယ်စင်စင် ဘုရားမဖြစ်ငြားအံ့။ ဤဆံထုံးတော်သည် မြေ၍ ကျပါစေသတည်း” ဟုအဓိဌာန်ပြီး ကောင်းကင်ပေါ် ပစ်မြောက်လိုက်ရာ ဆံထုံးတော်သည် မကိုဋ်နဲ့အတူ ကောင်းကင်မှာ တည်နေပါတယ်။ သိကြားမင်းက ဆံတော်နဲ့ မကိုဋ်တော်ကို ယူဆောင်ပြီး တာဝတိသာနတ်ပြည်မှာ “စူဠာမဏိ” အမည်ရှိတဲ့ စေတီတော်ကိုတည်ပြီး ဌာပနာပြုကာ ကိုးကွယ်ထားပါတယ်။ ထို့နောက် မင်းသားသည် ဃဋိကာရဗြဟ္မာမင်း ဆက်ကပ်လှူဒါန်းတဲ့ သင်္ကန်းနဲ့ ပရိက္ခရာများကိုယူပြီး ရဟန်းပြုပါတယ်။ ဃဋိကာရဗြဟ္မာမင်းကလည်း ဘုရားအလောင်း၏ ၀တ်ရုံတော်တွေကိုယူပြီး အကနိဌဘုံမှာ “ဒုဿ”အမည်ရှိတဲ့ စေတီတော်ကိုတည်ပြီး ထာပနာပြုကာ ကိုးကွယ်ထားပါတယ်။
ဆန္နက အခုထိ မပြန်သေးလေတော့ ဘုရားအလောင်းက ပြန်ဖို့ ထပ်မံပြောကြားပါတယ်။ ဆန္နက “အရှင်မင်းသား မရှိဘဲနဲ့တော့ နန်းတော်မှာ နေရတာ ကျွန်ုပ်အတွက် ဘာမှ အကျိုးမရှိပါဘူး။ ကျွန်ုပ်လည်း တောထွက်ပြီး အရှင်မင်းသားနောက်ကို လိုက်ပါရစေ”လို့ ၀မ်းနည်းစွာ တောင်းပန်ပြောကြားပါတယ်။
“ဒီလို မလုပ်ရဘူး ဆန္န…..သင့်ကို ငါတောထွက်ဖို့ ခွင့်မပြုနိုင်ဘူး။ သင် ဒီလက်ဝတ်ရတနာတွေ ယူဆောင်ပြီးတော့ နန်းတော်ကိုပြန်ပါ၊ ပြီးတော့ ငါ၏ ဖခင်၊ မိခင် (မိထွေးတော်ဂေါတမီ)၊ နဲ့ ယသော်ဓရာတို့ကို အဖြစ်အပျက်ကိုပြောဆိုပြီး စိတ်မပူကြဖို့ ပြောလိုက်ပါ။ ဆန္န…..ငါဟာ ဒီ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကို ရပ်ဆဲဖို့အတွက် ဒီလမ်းစဉ်ကို ငါလျောက်လှမ်းနေတာပါ။ ဒါဟာ လူသားအားလုံးအတွက်ပါ..။ ဆန္န…….သင် နန်းတော်ကိုပြန်ပါတော့၊ ငါ ဒီ သစ္စာတရားကို တွေ့ရှိပြီးပြီးချင်းမှာ လောကမှာရှိကြတဲ့ ငါ၏ ဖခင်၊ မိခင်၊ ယသော်ဓရာ၊ သားတော်ရာဟုလာနှင့်အတူ လူသားအားလုံးကို ဟောပြဖို့ ငါပြန်လာခဲ့ပါမယ်။ အဲဒီအချိန်ကျရင် လူသားအားလုံး တကယ် စစ်မှန်တဲ့ချမ်းသာကို ရရှိမှာပါ ဆန္န…….”လို့ ပြောပြပါတယ်။
ဆန္နဟာ ဘုရားအလောင်းသိဒ္ဓတ္ထရဲ့ ဖွားဖက်တော်လည်းဖြစ်၊ ကစားဖော်လည်းဖြစ်၊ ဘယ်အကြောင်းပဲဖြစ်ဖြစ် ဘုရားအလောင်းက တိုင်ပင်စရာရှိရင် သူ့ရဲ့ ခံစားချက်တွေကို အမြဲတမ်းထုတ်ဖော်ပြောဆိုခြင်းခံရတဲ့ ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဘုရားအလောင်းကို သိပ်ချစ်ပါတယ်။ သူနဲအတူ တောထွက်လိုက်ပါချင်ပေမယ့်လည်း ချစ်ကြောက်ရိုသေစိတ်ကြောင့် ဘုရားအလောင်း စကားနားထောင်ပြီး နန်းတော်ကို ပြန်ဖို့အတွက် ကဏ္ဍကမြင်းကို ဆွဲခေါ်ပေမယ့် ကဏ္ဍကမြင်းက လိုက်ပါဖို ငြင်းဆန်နေပါတယ်။ ဒီတော့ ဘုရားအလောင်းက ကဏ္ဍကနားချဉ်းကပ်ပြီး ညင်သာစွာ ကျောက်ကုန်းလေးကို ပွတ်သတ်ပြီး နူးညံ့စွာနဲ့ “ကဏ္ဍက……..ငါ့ကို စောင့်မနေပါနဲ့တော့ ဆန္နနဲ့အတူ နန်းတော်ကို ပြန်လိုက်သွားပါ…….” လို့ဘုရားအလောင်းက နှစ်သိမ့်ပြောဆိုတော့ ဆန္နနဲ့ အတူ နှစ်ယောက်သား ၀မ်းနည်းစွာ ထွက်ခွာသွားကြပါတယ်။
ခပ်လှမ်းလှမ်းတစ်နေရာရောက်တော့ ကဏ္ဍက က ရပ်တန့်ပြီး နောက်လှည့်ကာ ဘုရားအလောင်းကို နောက်ဆုံးကြည့်ခြင်းအနေနဲ့ ကြည့်လိုက်ပါတယ်။ ဆန္နက ကဏ္ဍကမြင်းရဲ့ ရင်ထဲကခံစားချက်ကို နားလည်ပြီးတော့ “အချင်း…….ကဏ္ဍက…….ငါတို့ရဲ့ သခင်ဟာ သစ္စာတရားကို ငါ့တို့အတွက် ရှာဖွေဖို့အတွက် ငါတို့နဲ့ အဝေးကိုထွက်ခွာသွားတာပါ။ သိပ်ပြီးလည်း ၀မ်းနည်းမနေပါနဲ့ ကဏ္ဍက…..လာပါ ငါတို့ ကပိလ၀တ္ထုပြည်ကို ပြန်ကြပါစို့” လို့ နှစ်သိမ့်စကားဆိုနေပေမယ့်……. ကဏ္ဍကမြင်းလေးဟာ သိပ်ကိုဝမ်းနည်းနေပါတယ်။ သူ့ရဲ့ နှစ်ဖက်သော မျက်လုံးမှ မျက်ရည်များဟာ ဒလဟောဆင်းကျနေပါတယ်။ နောက်ပြီး ခဏတာ ဘုရားအလောင်းကို စူးစိုက်ကြည့်နေပြီးတော့ ဘုရားအလောင်းနဲ့ ခွဲခွာရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းကြေကွဲမှု့တွေကြောင့်ပဲ ရင်ကွဲကာ ထိုနေရာမှာလဲ လဲကျသေဆုံးသွားပါတော့တယ်။
သိဒ္ဓတ္ထမင်းသား၏ အကြောင်းစုံကို သုဒ္ဓေါဓနမင်းကြီးထံ လျောက်ကြားလိုက်တဲ့အခါမှာတော့ မင်းသားလေးကို စကြာဝတေးမင်းအဖြစ်ကို ဖြစ်စေလိုသော သုဒ္ဓေါဓနမင်းကြီးနဲ့တကွ ကပိလ၀တ္ထုပြည်သား/သူများလည်း မျှော်လင့်ချက်ကုန်ဆုံးကာ ယူကြုံးမရဖြစ်ကာ ၀မ်းနည်းသွားကြပါတယ်။
သို့သော်လည်း မင်းသားလေး ကျန်းမာချမ်းသာကာ ဘုရားအဖြစ်ကို ဧကန်မြန်မြန်ရပါစေလို့ပဲ ဆုတောင်း စရာပဲရှိတော့ပါတယ်။
ဘုရားအလောင်းသည် ရဟန်းဝတ်ကာ မသေရာ-အမတနိဗ္ဗာန်လမ်းကို စတင်ရှာဖွေဖို့ ဂေါတမအမည်ဖြင့် လျောက်လှမ်းနေပါတော့၏.........။
"သက်တော် ၂၉ အရွယ်၌ ဘုရားအလောင်း တောထွက်တော်မူသောနေ့ကာ မဟာသက္ကရာဇ် ၉၇-ခုနှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့၊ ဉာဥ့်သန်းခေါင်အချိန်ဖြစ်ပါသည်။"

No comments:

Post a Comment