Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၃)" “နာမည်ပေး အခမ်းအနား”





ကပိလ၀တ္ထုပြည်ရဲ့ အပြင်ဘက်မှာတည်ရှိတဲ့ တောင်တန်းကြီးများပေါ်မှာ ရသေ့ပညာရှိတွေ အများကြီးနေထိုင်ကြပါတယ်။ ထိုရသေ့ ပညာရှိတွေများထဲမှ ဘုရင်သုဒ္ဓေါဓနနဲ့ တိုင်းသူပြည်သားများရဲ့ ကြည်ညို အရိုအသေလေးစားမှု့ကို ခံရတဲ့ အသိတအမည်ရှိတဲ့ ရသေ့တစ်ပါးလည်းရှိပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ ကာလဒေ၀လရသေ့ပါ။ အသိတရသေ့ဟာ ဘုရင်သုဒ္ဓေါဓရဲ့ သားဦးရတနာ မင်းသားတစ်ပါးဖွားမြင်ရရှိတယ်ဆိုတဲ့ သတင်းစကားကို ကြားကြားချင်းပါပဲ မင်းသားလေးရဲ့ လက္ခဏာတော်ကို ဖတ်ဖို့အတွက် နန်းတော်ကို အပြေးကလေး သွားရောက်ခဲ့ပါတယ်။
အသိတရသေ့ ပညာရှိကြီး နန်းတော်ကိုကြွာလာတော့ ဘုရင်သုဒ္ဓေါဓန အလွန်ကို ပျော်ရွှင်သွားပါးတယ်။ အသိတရသေ့ နန်းတော်ကို ရောက်တဲ့အခါမှာ ဘုရင်သုဒ္ဓေါဓနက မင်းသားလေးအတွက် သူကိုးကွယ်တဲ့ ပညာရှိရသေ့အသိတရဲ့ ကောင်းချီးပေးမှု့ကို မျှော်လင့်ပြီး အထိန်းတော်များကို ဘုရားအလောင်းမင်းသားလေးကို ခေါ်ဆောင်ခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရသေ့ကြီးကို အရိုအသေပေးစေချင်တာလည်း ပါပါတယ်။ မင်းသားလေးကို ရှေ့တော်မှောက်ခေါ်ဆောင်ပြီး “အရှင်ရသေ့ တပည့်တော်ရဲ့ သားတော်လေးဟာ မနေ့ကမှ ဖွားမြင်ခဲ့တာဖြစ်ပါတယ်၊ သနားသောအားဖြင့် သားတော်လေးရဲ့ အနာဂတ်ကောင်းမည့် အခြေအနေများကို ဖတ်ကြည့်ပေးစေချင်ပါတယ်။” လို့ပြောဆိုပြီး မင်းသားလေးကို အသိတရသေ့ကြီးထက် နိမ့်တဲ့နေရာတစ်ခုမှာ ချထားပေးလိုက်ပါတယ်။
ထိုအချိန်မှာပဲ ဘုရားအလောင်းမင်းသားလေးဟာ သူ့ရဲ့ခြေတော်များကို လှည့်ပြီး အသိတရသေ့ပညာရှိကြီးရဲ့ ဦးခေါင်းတော်ပေါ်မှာ ရပ်တည်သွားပါတယ်။ အသိတရသေ့ပညာရှိကြီးဟာ သိပ်ကို အံ့သြသွားပြီး ဘုရားအလောင်းမင်သားလေးရဲ့ ခြေတော်လက္ခဏာကို သေသေချာချာကြည့်ပြီး လက္ခဏာဖတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ မင်းသားလေးရဲ့ ယောင်္ကျားမြတ်တို့မှာရှိတဲ့ ကြီးမြတ်တဲ့အမှတ်အသား လက္ခဏာတော်များကို သွားတွေ့ပါတယ်။ ချက်ချင်းမှာပဲ အသိတရသေ့ပညာရှိကြီးဟာ ပြုံးရယ်သွားပြီး ချက်ချင်းပဲ မျက်ဝန်းကို မျက်ရည်များ ကျလာပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာ သူကိုးကွယ်တဲ့ ရသေ့ကြီးရဲ့ အမှုအရာကိုတွေ့မြင်သွားပြီး အံ့သြသွားပြီး “အရှင်ဘုရား၊ အဘယ်အတွက်ကြောင့် ပြုံးရယ်ပြီး၊ ချက်ချင်းဆိုသလို အဘယ်အကြောင့် မျက်ရည်များကျရပါသလဲ” လို့မေးတော့ ရသေ့ကြီးက “အရှင်မင်းကြီး၊ ဒီမင်းသားလေးမှာ ယောင်္ကျားမြတ်တိုမှာသာရှိတဲ့ ကြီးမြတ်တဲ့ လက္ခဏာတော်များရှိပါတယ်၊ တစ်နေ့မှာ မင်းသားလေးဟာ သီလ၊ ပညာများနဲ့ ပြည့်စုံပြီး သဗ္ဗညုတဥာဏ်ကိုရရှိကာ လောကသုံးပါးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါများရဲ့ ကိုးကွယ် အားထားရာ ဆရာတစ်ဆူဖြစ်ပါလိမ့်မယ်၊ မင်းကြီး၊ ငါဟာ ဒီအတွက်ကြောင့် ပြုံးရယ်ခြင်းဖြစ်ပါတယ်။”
“ငါ့၏ မျက်ရည်ကျရခြင်း အကြောင်းကတော့ ငါ့ရဲ့ အသက်ရွယ်ကြောင့်ဖြစ်ပါတယ်၊ ဒီမင်းသားလေး သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီး လောကသုံးပါးရဲ့ အားထားကိုးကွယ်ရာ ဆရာတစ်ဆူဖြစ်တဲ့အချိန်မှာ ငါဟာအသက်ရှင်ရှိနေပြီး သူ့ရဲ့ တရားဓမ္မကို နားကြားခွင့်မရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်၊ မင်းကြီး။” လို့ ပြန်ပြောပါတယ်။ ဒီလိုပြောဆိုပြီးတဲ့ နောက်မှာ် အသိတရသေ့ ပညာရှိကြီးဟာ ဘုရားအလောင်းမင်းသားလေးရဲ့ ရှေ့မှာ ဒူးထောက်ပြီး ရှိခိုးကာ အရိုအသေပြုလိုက်ပါတယ်။ သုဒ္ဓေါဓနမင်းကြီးလည်း မရည်ရွယ်ဘဲ သူ့ရဲ့ကိုးကွယ်အားထားရာ အသိတရသေ့ကြီးက မင်းသားလေးကို အရိုအသေပြုလိုက်စဉ်မှာပဲ သူလည်းပဲ မင်းသားလေးကို ရှိခိုးကာ အရိုအသေပေးလိုက်ပါတယ်။ ဒါဟာ ဘုရင်သုဒ္ဓေါဓနမင်းကြီးရဲ့ ပထမဆုံးအကြိမ် ဘုရားအလောင်းမင်းသားလေးကို အရိုအသေပြုခြင်းဖြစ်ပါတယ်။
ဘုရားအလောင်းမင်းသားလေး မွေးဖွားပြီး ငါးရက်မြောက်နေ့မှာ ဘုရင်သုဒ္ဓေါဓနမင်းကြီးက မင်းသားလေးကို ကောင်းမြတ်တဲ့ နာမည်ပေးဖို့ရန်အတွက် ငါးယောက်သော ပညာရှိများကို နန်းတော်ခမ်းမဆောင်ထဲသို့ စုဝေးစေပါတယ်။ ထိုနာမည်ပေးအခမ်းအနားမှာ မင်းသားလေးရဲ့ လက္ခဏာတော်များကို ဖတ်ကြားစေဖို့အတွက် ပညာရှိများဟာ မင်းသားလေးရဲ့ မျက်နှာတော်ကို သေချာစွာကြည့်ရှုခွင့်ရပါတယ်။
မင်းသားလေးရဲ့ လက္ခဏာတော်များကို သေချာစွာ ကြည့်ရှု့ပြီး လေးယောက်သော ပညာရှိများက လက်နှစ်ချောင်းထောင်ပြီး “မင်းသားလေး ကြီးပြင်းလာတဲ့အခါမှာ အကယ်၍ မင်းသားလေးဟာ တိုင်းပြည်အုပ်ချူပ် မင်းလုပ်မယ်ဆိုရင် သူဟာ စကြာဝတေးမင်းဖြစ်ပါလိမ့်မယ်၊ ဒါမှမဟုတ် နန်းတော်ကနေ စွန့်ခွာပြီး ဘာသာရေးလမ်းစဉ်ကို ရွေးချယ်ကာ ကြီးမြတ်တဲ့ပညာကို ရရှိဖို့အတွက် ရွေးချယ်မယ်ဆိုရင် သူဟာ ဘုရားစင်စစ် ဧကန်ဖြစ်ပါလိမ့်မယ်။” လို့ လျှောက်တင်ကြပါတယ်။
ငါးယောက်သောပညာရှိထဲမှ ကောဏ္ဍညလို့ ခေါ်တဲ့ အငယ်ဆုံး ပညာရှိကတော့ တစ်ချောင်းသောလက်ကိုပဲထောင်ပြီး ”အရှင်မင်းကြီး၊ မင်းသားလေး ကြီးပြင်းလာတဲ့အခါမှာ ကြီးမြတ်တဲ့ပညာကို ရရှိဖို့ထီးနန်းကိုစွန့်လွှတ်ကာ တောထွက်၍ သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီး လောကမှာ ဘုရားစင်စစ် ဧကန်ဖြစ်ကာ လူ၊ နတ်၊ ဗြဟ္မသတ္တ၀ါအားလုံးတို့ရဲ့ ကိုးကွယ်ရာတစ်ဆူ ဖြစ်ပါလိမ့်မယ်။ တစ်ခြားဘာမှ မဖြစ်နိုင်ပါ။”လို့ ပြတ်သားစွာ ဖတ်ကြားလျှောက်တင်လိုက်ပါတယ်။
ဘုရင်သုဒ္ဓေါဓန၊ ပညာရှိများနဲ့ တိုင်းသူပြည်သားများကတော့ ဘုရားအလောင်းမင်းသားလေးကို စကြာဝတေးမင်းဖြစ်ဖို့ အလိုဆန္ဒရှိကြပါတယ်။ တောထွက်ကာ ဘုရားဖြစ်မည်ကို ဘုရင်သုဒ္ဓေါဓန မလိုလားခဲ့ပါဘူး။
ထိုသို့ လက္ခဏာတော် ဖတ်ကြားပြီးတဲ့နောက်မှာ မင်းသားလေးကို “သိဒ္ဓတ္ထ-လို့ အမည်ပေးရွေးချယ်ကြပါတယ်။ သိဒ္ဓတ္ထရဲ့ အနက်သဘောဆိုလိုရင်းကတော့ ဆန္ဒရှိတိုင်းကို ပြည့်ဝစေသော မင်းသား” ဖြစ်ပါတယ်လို့ ဆိုတာပါ။ တစ်နည်းအားဖြင့်၊ အရားအားလုံးကို နားလည်နိုင်သော မင်းသားတစ်ပါးဖြစ်တယ်လို့လည်း ဆိုပါတယ်။

No comments:

Post a Comment