Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၂)"


“ဘုရားအလောင်း ဖွားမြင်ခြင်း”


အိပ်မက်မက်ပြီး ၁၀လအကြာမှာ မဟာမာယာဟာ သူမရဲ့နိုင်ငံဖြစ်တဲ့ မိဘများရှိနေထိုင်တဲ့ ဒေ၀ဒဟပြည်ကို သွားရောက်ကာ သားတော်မွေးဖွားဖို့ရန်အတွက် ဘုရင်သုဒ္ဓေါဓနကို “အရှင်မင်းကြီး သားတော်မွေးဖွားဖို့ အချိန်ရောက်ပြီဖြစ်တဲ့အတွက် မိဘများရှိတဲ့ဆီကို သွားရပါတော့မယ်၊ သွားခွင့်ပြုပါ။” လို့ လျှောက်တင်ပါတယ်။ အဲဒီအချိန်တုန်းက အိန္ဒိယပြည်ရဲ့ ဓလေ့ထုံးစံအရ ဇနီးတစ်ယောက် သားဖွားတော့မယ်ဆိုရင် မိဘများရှိတဲ့ မိမိအိမ်ကို ပြန်ပြီး မွေးဖွားလေ့ရှိပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ ချက်ချင်းပဲ သဘောတူပြီး၊ “ကောင်းပြီ မိဘုရားကြီး၊ သင်သွားရောက်ဖို့ရန်အတွက် လိုအပ်မယ့် အစီအစဉ်ကို ပြုလုပ်ပေးပ့ါမယ်” လို့ပြန်ပြောပြီး သူရဲ့ အထိန်းတော်များ၊ စစ်သည်တော်များ၊ အမတ်များကို မိဘုရားကြီးစီးဖို့အတွက် အလှတန်ဆာဆင်ထားသော ဝေါယာဉ်ကို စီစဉ်ခိုင်းပါတယ်။ မိဘုရားကြီး သွားမယ့်လမ်းတစ်လျှောက်ကိုလည်း သာယာလှပဖို့အတွက် လိုအပ်တဲ့ရှင်းလင်းမှု့များကိုလည်း ခိုင်းစေတော်မှုပါတယ်။ အစောင့်အရှောက် အခြံအရံများစွာနဲ့အတူ မိဘုရားကြီးကို ဒေ၀ဒဟပြည်ကို ပို့စေခဲ့ပါတယ်။
ဒေ၀ဒဟပြည်နဲ့ ကပိလ၀တ္ထုပြည်ရဲ့ အကြားမှာ လုမ္ဗိနီလို့ခေါ်တဲ့ လှပတဲ့ ဥယျာဉ်တစ်ခုရှိပါတယ်။ လုမ္ဗိနီဥယျာဉ်ဟာ ဟိမ၀န္တာတောင်ခြေရင်း နီပေါဘုရင်များအုပ်ချူပ်တဲ့ နီပေါနိုင်ငံရဲ့ အနီးမှာ တည်ရှိပါတယ်။ နွေရာသီတိုင်းမှာ နှစ်ခုသော ဒေ၀ဒဟပြည်၊ ကပိလ၀တ္ထုပြည်ရဲ့ တိုင်းသူပြည်သားများဟာ လှပပြီး အေးချမ်းတဲ့ လုမ္ဗိနီဥယျာဉ်ထဲမှာ လာပြီး အင်ကြင်းပင်များရဲ့ အောက်မှာ အနားယူလေ့ရှိပါတယ်။ လုမ္ဗိနီဥယျာဉ်ကြီးဟာ အမြဲထာဝရ ဖူးပွင့်ကာ လန်းဆန်းနေပြီး အလွန်မွှေးပျံ့သင်းကြိုင်နေတဲ့ အင်ကြင်ပန်းများနဲ့အတူ၊ ကျေးငှက်များရဲ့ ငြိမ့်ညောင်းတဲ့ တေးဆိုသံများ၊ ပျားပိတုန်းများရဲ့ ၀တ်ရည်များကို လူးလား ခေါက်ပြန် စုဆောင်းရင်း မြည်တွန်သံလေးများနဲ့အတူ့ သိပ်ကိုလှပနေပါတယ်။
လှပပြီး နားခိုဖို့ကောင်းတဲ့ ဥယျာဉ်တော်တစ်ခုဖြစ်တာကတစ်ကြောင်း၊ ထိုအချိန်တုန်းက အလွန်ပှုတဲ့ရာသီဥတုဖြစ်တာကတစ်ကြောင်းမို့ မဟာမာယာဟာ ခဏတာနားခိုဖို့အတွက် သူ့ရဲ့ ချွေရံတော်များ၊ စစ်သည်များကို ရပ်ဖို့ပြောပြီး နားခိုပါတယ်။ လှပပြီး မွှေးရနံ့များနဲ့ သင်းပျံ့နေတဲ့ အင်ကြင်းပင်များရဲ့ အောက်မှာ လျှောက်လှမ်းနေစဉ်မှာပဲ မဟာမယာဟာ သားဖွားချင်စိတ် ဖြစ်ပေါ်လာပြီး ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့ပါတယ်။ ဘုရားအလောင်းကို ၀ိသာခါနက္ခတ်ယှဉ်တဲ့ ကဆုန်လပြည့် သောကြာနေ့ ဘီစီ (ခရစ်တော်မပေါ်မီ) ၆၂၃မှာ ဖွားမြင်ခဲ့ပါတယ်။
ဘုရားအလောင်းတော် မင်းသားလေးဟာ ဖွားမြင်ပြီးချက်ချင်းမှာပဲ ခြေခုနှစ်လှမ်းလှမ်းပါတယ်၊ လှမ်းတိုင်း လှမ်းတိုင်းသော ခြေဖ၀ါးများရဲ့အောက်မှာ ကြာပွင့်များ ပေါ်ထွက်လာကြပါတယ်။
“အဂ္ဂေါဟမသ္မိ လောကဿ- လောကမှာ ငါဟာ အကြီးမြတ်ဆုံးတစ်ဦးဖြစ်တယ်။”
“ဇေဋ္ဌောဟမသ္မိ လောကဿ- လောကမှာ ငါနဲ့ တူသောသူ တစ်ယောက်မျှ မရှိ။”
“သေဋ္ဌောဟမသ္မိ လောကဿ- ငါဟာ လောကမှာ အမြတ်ဆုံးသူဖြစ်တယ်။”
“အယ မန္တိမာ ဇာတိ- ဒါဟာ ငါ့ရဲ့ နောက်ဆုံး ပဋိသန္ဓေနေခြင်းဖြစ်တယ်။”
“နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။ ငါဟာ ဘ၀အသစ် တဖန် မဖြစ်တော့ပြီ” လို့ ကြွေးကြော်ရွတ်ဆိုပါတယ်။
မဟာမယာဟာ ဘုရားအလောင်းမင်းသားလေး မွေးဖွားပြီးမကြာမီမှာပဲ ချက်ချင်း နန်းတော်သို့ ပြန်လှည့်ခဲ့ပါတယ်။ ဘုရားအလောင်းမင်းသား ဖွားမြင်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတဲ့အခါမှာ တိုင်းသူပြည်သားများနဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဟာ အလွန်တရာပျော်သွားကြပါတယ်။ သားတစ်ဦးမျှော်လင့်နေတဲ့ ဘုရင်သုဒ္ဓေါဓနနဲ့ မဟာမာယာတို့က အပျော်ဆုံးဖြစ်ပါတယ်။

No comments:

Post a Comment