Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၄)"


“သီဒ္ဓတ္ထမင်းသား၏ ပညာရေး”

ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား နာမည်ပေး ကင်ပွန်းအခမ်းအနား ပြီးလို့ နှစ်ရက်မြောက်သော နေ့မှာပဲ သိဒ္ဓတ္ထမင်းသားရဲ့ မယ်တော် မဟာမာယာ နတ်ရွာစံ ကံတော်ကုန်သွားပါတယ်။ ကပိလ၀တ္ထုပြည်ရဲ့ တိုင်းသူပြည်သားများဟာ မိဘုရားမဟာမာယာရဲ့ နတ်ရွာစံကံတော်ကုန်တဲ့ သတင်းစကားကြားလိုက်စဉ်မှာပဲ အားလုံးဝမ်းနည်း ပှုဆွေးသွားကြပါတယ်။ မဟာမာယာဟာ နန်းတော်အတွင်းရှိ အမျိုးသမီးများထက် အကျင့်သီလ၊ အမျိုးဇာတ်အားဖြင့် အလွန်တရာမြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပှုဆွေးတောက်လောင်မှု့ အလွန်ကဲဆုံးကတော့ ဘုရင်သုဒ္ဓေါဓနပါပဲ။ သူ့ရဲ့ ချစ်မြတ်နိုးမှု့နဲ့ အတူပေါ့။
မဟာမယာ နတ်ရွာစံပြီးတဲ့နောက်မှာ ဘုရင်သုဒ္ဓေါဓနဟာ မဟာမာယာရဲ့ ညီမတော်လည်းဖြစ်၊ သိဒ္ဓတ္ထမင်းသားရဲ့ အဒေါ်လည်းဖြစ်တဲ့ မဟာမဇာပတိဂေါတမီကို သားတော်ငယ်လေးကို စောက်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။ မဟာပဇာပတိဂေါတမီဟာ အစ်မတော်ဖြစ်သူ နတ်ရွာစံတဲ့နေ့မှာပဲ သားတော် နန္ဒမင်းသားလေးကို ဖွားမြင်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ရင်မှဖြစ်သော သားတော်နန္ဒမင်းသားလေးကို အထိန်းတော်လက်အပ်နှံပြီး နို့ချိုတိုက်ကျွေးကာ သိဒ္ဓတ္ထမင်းသားလေးကို မိမိ၏ သားအရင်းကဲ့သို့ နို့ချိုတိုက်ကျွေးပြီး ကြီးပြင်းအောင် စောက်ရှောက်ခဲ့တာပါ။ မဟာပဇာပတိဂေါတမီဟာ သိဒ္ဓတ္ထမင်းသားလေးကို သိပ်ချစ်တာပါ။ တကယ်တော့ သိဒ္ဓတ္ထမင်းသားလေးဟာ သူ့ရဲ့ မိခင်ရင်းဖြစ်တဲ့ မဟာမာယာကို တကယ်မသိခဲ့ပါဘူး။
မဟာပဇာပတိဂေါတမီရဲ့ ကျွေးမွေးထိန်းကျောင်းမှု့အောက်မှာ တစ်ဖြေးဖြေးနဲ့ သိဒ္ဓတ္ထမင်းသားလေးဟာ ကြီးပြင်းလာပါတယ်။ လူအများချစ်ခင်မြတ်နိုးခြင်းကို ခံရတဲ့ အလွန်အင်မတန်ချောမောတဲ့ မင်းသားလေး သိဒ္ဓတ္ထပါ။ သိဒ္ဓတ္ထမင်းသား အသက် ၈နှစ်အရွယ်ရောက်တဲ့အခါ ဘုရင်သုဒ္ဓေါဓနဟာ သိဒ္ဓတ္ထမင်းသားကို အရေး၊ အဖတ်၊ ဂဏန်းသင်္ချာ၊ ဆင်အတတ်၊ လေးအတတ်၊ လက်ဝှေ့အတတ်၊ သမိုင်းဘာသာရပ်၊ သိပံဘာသာရပ်စတဲ့ ယောင်္ကျားတို့တပ်အပ်တဲ့ အတတ်ပညာမှန်သမျှကို သင်ယူဖို့အတွက် နိုင်ငံမှ ပညာရှိများကို နန်းတော်သို့ ပင့်ဖိတ်စေပြီး ပညာသင်ကြားပို့ချပေးစေပါတယ်။
အားလုံးသောဆရာများဟာ ပြည့်ဝတဲ့ဆရာများဖြစ်တာကြောင့်ရော သိဒ္ဓတ္ထမင်းသားကိုယ်တိုင်ကပါ ရဲရင့် လျင်မြန်ဖျတ်လတ်ပြီး ဥာဏ်ပညာကောင်းကာ တတ်သိလိမ်မာကြောင့် သိဒ္ဓတ္ထမင်းသားဟာ သူ့ရဲ့ ပညာသင်ယူမှု့မှာ အခက်အခဲမရှိ လွယ်ကူစွာ ပြီးမြောက်အောင်မြင်အောင် သင်ကြားတတ်မြောက်ခဲ့ပါတယ်။ တစ်ခါသင်ကြားပို့ချရုံနဲ့ ချက်ချင်းနားလည်သဘောပေါက်အောင် တော်ပါတယ်။ သင်ယူတဲ့ ဘာသာတိုင်းမှာလည်း အခြားသော စာသင်ဖက်ကျောင်းသားများထက်သာပြီး ဂုဏ်ထူးဆောင်များနဲ့ အမြဲအောင်မြင်ခဲ့တာပါ။ အောင်မြင်သူအဖြစ်သာ ထာဝရဖြစ်နေခဲ့ပြီး၊ ရှုံးနိမ့်သူအဖြစ်ကတော့ ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ လက်ရုံးရည် ယှဉ်ပြိုင်မှု့မှာရော၊ နှလုံးရည် ယှဉ်ပြိုင်မှု့စတဲ့ ယှဉ်ပြိုင်မှု့အားလုံးမှာရော အနိုင်ရ သာလွန်ခဲ့ပါတယ်။ နားလည်အောင်ပြောရရင် အတန်းထဲမှာတော့ အတော်ဆုံးကျောင်းသားဟာ သိဒ္ဓတ္ထမင်းသားလေးပါပဲ။ သူ့ရဲ့ ထူးခြားလွန်ကဲတဲ့ ဥာဏ်ပညာကြောင့် အောင်မြင်မှု့များရရှိပြီး အမြဲတမ်း ပထမနေရာမှာ ရပ်တည်မှု့ကို တိုင်းသူပြည်သားများ၊ ဆရာများနဲ့ ခမည်းတော်၊ မိထွေးတော် (ဂေါတမီ) များဟာ အလွန်အံ့သြကာ ပျော်ရွှင် ကျေနပ် ၀မ်းမြောက်နေကြပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ လိမ်မာကာ တော်တဲ့ကျောင်းသား၊ နိုင်ငံရဲ့ ဘုရင့်သားတော်မင်းသားလေးတစ်ပါးဖြစ်ပေမယ့်လည်း သူ့ရဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးမှာ ဆရာသမားများကို အရိုအသေပေး ဆက်ဆံပါတယ်။ ဂါရ၀တရား၊ နိဝါတကို ဘယ်တော့မှ မမေ့တတ်တဲ့မင်းသားလေး သိဒ္ဓတ္ထပါ။ “ညီညာ၊ ထကြွ၊ ဆုံးမနာယူ၊ လာမှုကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ”ဆိုတဲ့ တပည့်ကျင့်ဝတ်တဲ့ ပြည့်စုံတဲ့ သိဒ္ဓတ္ထမင်းသားပါ။

No comments:

Post a Comment