Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၁၀)"

“သူအိုကို တွေ့ပြီ”
သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်ကနေ ထွက်ခွာမယ့် အတွေးမျိုး ဘယ်တော့မှ တွေးတောလို့မရနိုင်အောင် ရည်ရွယ်ပြီး ဘုရင်သုဒ္ဓေါဓနဟာ မင်းသားလေးရဲ့ မျက်မှောက်မှာ တစ်စုံတစ်ယောက်မျှ စိတ်ညစ်နေမယ့် အမှုအရာမျိုး၊ မပျော်မရွှင်ဖြစ်နေတဲ့အမှုအရာမျိုးကို ဖြစ်စေမယ့် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားများကို မပြောဆိုဖို့၊ မပြမိဖို့ အမိန့်တော် ချမှတ်ထားပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်တော့ မင်းသားလေးအတွက် သာယာငြိမ့်ငြောင်း နှစ်လိုဖွယ် ကောင်းတဲ့ သီချင်းသံ၊ ဂီတသံ၊ ရှုချင်ဖွယ်ကောင်းတဲ့ လှပတဲ့ ကပြဟန် ဖျော်ဖြေဟန်များကို တတ်ကျွမ်းလှတဲ့ ကချေသည် မိန်းမပျိုလေးများကို အမြဲမပြတ် ထားရှိစေပြီး မင်းသားလေး ပျော်ရွှင်အောင် ဖျော်ဖြေခိုင်းစေထားတာပါ။
နောက်ပြီး မင်းသားလေးနေထိုင်တဲ့ နန်းတော်နဲ့ ပန်းဥယျာဉ်ကြီးများရဲ့ ပတ်ပတ်လည်မှာ မြင့်မားတဲ့ နံရံတံတိုင်းကြီးတစ်ခုကိုလည်း ဆောက်လုပ်ထားပါတယ်။ နုပျိုငယ်ရွယ်ပြီး လှပချောမောတဲ့ မိန်းမငယ်လေးများကိုသာ မင်းသားလေးရဲ့ နန်းတော်ဆောင်ထဲ ဥယျာဉ်တော်ထဲကို ၀င်ခွင့်ပြုထားပါတယ်။ မတော်တဆ နန်းတော်ထဲမှာ တစ်စုံတစ်ယောက် ထိခိုက်လို့ပဲဖြစ်ဖြစ်၊ ချော်လဲလို့ပဲဖြစ်ဖြစ် အနာတရ ရရှိကာ ကျိုးပဲ့မယ်၊ ဖျားနားခဲ့မယ်ဆိုရင် အဲဒီသူကို နန်းတော်ကနေ တစ်ခါတည်း အပြင်ထုတ်ကာ ကုသစေပါတယ်။ ထိခိုက် ဖျားနာတာ မပျောက်သေးသမျှကာလပတ်လုံး ပြန်လာခွင့် မပြုပါဘူး။ ပျောက်ကင်းမှသာ လာခွင့်ပြုတာပါ။ တစ်ခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကနေ ထွက်ခွာတော့မယ်ဆိုရင် ထွက်ခွာလို့မရအောင် နန်းတော်ကြီးနဲ့ ဥယျာဉ်တော်ကြီးအ၀မှာ တံခါးစောင့်တွေကို အမြဲမပြတ် ထားရှိကာ စောင့်စေထားပါတယ်။ ဘုရင်ကိုယ်တိုင်က ခွင့်ပြုချက်ရမှာ အပြင်ထွက်ခွင့်ရပါတယ်။
ခမည်းတော် သုဒ္ဓေါဓနက သားတော် သိဒ္ဓတ္ထမင်းသားလေးကို ဘ၀တစ်လျောက်မှာ ဆင်းရဲဒုက္ခတွေ၊ မပျော်ရွှင်မှု့တွေစတဲ့ စိတ်မချမ်းသာစေတဲ့အရားများကို မခံစားရလေအောင် နုပျိုလှပတဲ့ မိန်းမပျိုလေးတွေ ကချေသည်လေးတွေနဲ့ ထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင် ဥယျာဉ်တော်ကြီးများကို ဖန်တီးကာ ဖြည့်ဆည်းပေးထားပေမယ်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ ခမည်းတော် မျှော်လင့်ထားသလို သူဟာတကယ့် ပျော်ရွှင်မှု့ကို မရရှိပါဘူး။ သိဒ္ဓတ္ထမင်းသားလေးဟာ နန်းတော်ရဲ့ အပြင်မှာတည်ရှိတဲ့ ပျော်ရွှင်ဖွယ်ရာ ရှု့ခင်းများကိုလည်း မြင်တွေ့ချင်နေတဲ့ ဆန္ဒပြင်းပြနေပါတယ်။ နောက်ပြီး တိုင်းသူပြည်သားများရဲ့ ဘ၀နေထိုင်မှု့စသည်များနဲ့ ဘုရင်၊ ဘုရင့်သားတော်၊ မင်းကြီးများ အမတ်ကြီးများရဲ့ ဘ၀နေထိုင်နည်းများ ဘယ်လိုကွာခြားပြီး ဘယ်လိုလုပ်ကိုင် စားသောက်ကာ ရပ်တည်နေကြရသလဲဆိုတာကိုလည်း သိချင်နေပါတယ်။ ဒါကြောင့် သိဒ္ဓတ္ထမင်းသားလေးဟာ ခမည်းတော် သုဒ္ဓေါဓနကို အပြင်မှာ သွားရောက်ကြည့်ရှု့ရန်အတွက် ခွင့်ပြုချက်ကို အကြိမ်ကြိမ် တောင်းဆိုပါတယ်။ တောင်းဆို ခွင့်ပြုချက်ကိုမှ မရရင် သူဟာ ဘယ်လိုပဲ ခမည်းတော်က ပျော်ရွှင်အောင် ထားထား ပျော်ရွှင်မှု့ကို ရရှိမှာ မဟုတ်ပါဘူးလို့လည်း ပြောပြပါတယ်။ သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်အပြင်ထွက်ကာ တိုင်းခန်းလှည့်လှည်ကြည့်ရှု့ချင်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကို ဘယ်လိုမှ ငြင်းပယ် တားမြစ်လို့ မရတဲ့အဆုံးမှာ ဘုရင်သုဒ္ဓေါဓန နောက်ဆုံးတော့ သဘောတူလိုက်ရပါတယ်။
“ကောင်းပြီ၊ သားတော်၊ သားတော် ကြည့်ရှု့ချင်တယ်ဆိုရင် သွားရောက်ကြည့်ခွင့်ပြုပါတယ်၊ ဒါပေမယ့် သားတော်သွားရောက်လှည့်လှည်တဲ့အခါမှာ အဆင်သင့်ဖြစ်ဖို့၊ သက်သောက်သက်သာဖြစ်ဖို့အတွက် ပထမဆုံး ခမည်းတော် စီစဉ်စရာရှိတာ စီစဉ်လိုက်ဦးမယ်”လို့ပြောပါတယ်။ ဘုရင်သုဒ္ဓေါဓနက သိဒ္ဓတ္ထမင်းသားလေး လှည့်လှည်မယ့်နေ့မှာ တိုင်းပြည်မှာရှိတဲ့ အိမ်များနဲ့ နေရာစသည်များကို သန့်ရှင်းနေအောင် ရှင်းခိုင်းထားစေပါတယ်။ ဆေးချယ်သင့်တဲ့နေရာများကို လှပအောင် မွမ်းမံပြုပြင်ပါတယ်။ အဲဒီနေ့မှာ တိုင်းသူပြည်သားများအနေနဲ့ အလုပ်တစ်ယောက်မှ မလုပ်ရလို့ သတ်မှတ်ကာ အမိန့်တော်ချမှတ်ထားပါတယ်။ သိဒ္ဓတ္ထမင်းသားလေး လှည့်လှည်မယ့် လမ်းတစ်လျှောက်မှာ မျက်စိကွယ်တဲ့သူတွေ၊ ဖျားနာနေတဲ့သူတွေ၊ အိုမင်းနေတဲ့သူများကို ထွက်မလာဘဲ မိမိတို့ရဲ့ အိမ်မှာပဲ မင်းသားလေး တိုင်းခန်းလှည့်လှည် မပြီးမချင်း နေခိုင်းထားစေပါတယ်။
အရာရာ အဆင်သင့်ဖြစ်ဖို့ စီစဉ်ပြီးတဲ့နောက်မှာ “သားတော် လှည့်လှည်ကြည့်ရှု့ချင်သပဆိုရင် သွားရောက်ကြည့်နိုင်ပါပြီ။ သားတော် စိတ်ကျေနပ်တဲ့အထိ ရှု့စားခဲ့ပါ”လို့ ပြောဆိုမှာကြားလိုက်ပါတယ်။
အရာအားလုံးဟာ ခမ်းနားလှပစွာနဲ့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ခမ်းနားထယ်ဝါပြီး အလွန်လှပတဲ့ မြင်းယဉ်တော်ကြီးကို စီးပြီး နန်းတော်ထဲကနေ ထွက်ခွာပြီး တိုင်းပြည်ကို ကြည့်ရှု့ဖို့အတွက် သိဒ္ဓတ္ထမင်းသားလေး ထွက်လာပါတယ်။ နေရာတိုင်းမှာ ရွှင်လန်းတက်ကြွစွာ အပြုံးမျက်နှာကိုယ်စီနဲ့ သိဒ္ဓတ္ထမင်းသားလေးကို ကြိုဆိုနေကြတဲ့ လူအများကို သူတွေ့မြင်ခွင့် ရလိုက်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေးကို မြင်တွေ့လိုက်စဉ်မှာပဲ “မင်းသားလေး သက်တော်ရာကျော် ရှည်ပါစေ၊ မင်းသားလေး သက်တော်ရာကျော် ရှည်ပါစေ” ဆိုတဲ့ ဆုတောင်းမှု့ပြု ကောင်းချီးပေးသံတွေလည်း သူကြားလိုက်ရတယ်။ လူအများဟာ မင်းသားလေးရဲ့ မြင်းယဉ်တော်ကြီးနား ကပ်ရောက်လာပြီး မင်းသားလေး သွားမယ့် လမ်းတစ်လျှောက်မှာ မွှေးပျံ့တဲ့ ပန်းမျိုးစုံများနဲ့ ကျဲဖြန့်ကာ ဂုဏ်ပြုကြပါတယ်။ မင်းသာလေး သွားမယ့် လမ်းတစ်လျှောက်ဟာ ပန်းခင်းလေး တစ်ခုအဖြစ် ဖြစ်တည်သွားခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ တစ်ခေါင်းလုံးဖြူနေပြီး အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နွမ်းနွမ်း ညစ်ညစ်ပတ်တစ်ခုကို ၀တ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက်ဟော ဘယ်သူမှ သတိမထား မတားမြစ်တဲ့အချိန်မှာ ထော့နဲ့ထော့နဲ့နဲ့ မင်းသားလေးရဲ့ လမ်းမပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ မျက်တွင်းက ခွက်ခွက်၊ ပါးရေ နားရေများက တွန့်လိမ်ပြီး မျက်နှာမှာလည်း တင်းတိပ်စသည်နဲ့ ပြည့်နှက်နေပါတယ်။ မျက်စိကလည်း မှုန်မှုန်ဝါးဝါးနဲ ဘယ်လိုမှ ရှုချင်စဖွယ်မကောင်း၊ ပါးစပ်ကလည်း အသွေးအသားမရှိ ခြောက်ခြောက် ကပ်ကပ် ပြီးတော့ သွားကလည်း တစ်ချောင်းတည်းသာ ရှိတော့တဲ့ သူအိုတစ်ယောက်ပါ။ သူ့ရဲ့ ခါးကလည်း မျက်နှာနဲ့ ဒူးထိလိုနီးပါးအောင်ကို ကုန်းကွနေပြီး သူ့အတွက် ရပ်တည်ဖို့ရာ တုတ်တစ်ချောင်းကို အသုံးပြုထားပါတယ်။ ပရိသတ်များရဲ့ ရှေမှောက်မှာ စားစရာ တစ်စုံ တစ်ခုများ ရရှိနိုင်ပါ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လိုက်လံ တောင်းရမ်းနေပါတယ်။ သှုအဖြစ်က အခုအချိန်မှာသာ စားစရာ တစ်ခုခုမရရှိရင် သေလုနီးပါးဖြစ်လောက်အောင်ကို စာဆောင်မွတ်သိပ်နေတဲ့ အမှုအရာပါပဲ။
ဒီအဖိုးအိုကို တွေ့လိုက်ရတဲ့ အခါမှာ ပရိသတ်များဟာ သိပ်ကို စိုးရိမ်သွားကာ စိတ်မကောင်းဖြစ်သွားကြပါတယ်။ ဘာလို့လည်းဆိုတော့ ဘုရင်ကိုယ်တိုင်က အမိန့်ထုတ်ထားတာကို ဒီလိုဖြစ်လာရင် အပြစ်ပေးခံရမယ်ဆိုးတာရယ်၊ မင်းသားလေးကိုလည်း တောမထွက်ဘဲ စကြာဝတေးမင်းဖြစ်စေချင်တဲ့ သူတို့ဆန္ဒပြည့်ဖို့ကလည်း ဒီလို သူအို သူနာ သူသေတို့ကို မမြင်တွေ့လေအောင် ကာကွယ်ထားဖို့က တစ်ခုပါပါတယ်။ ဒါကြောင့်သူတို့ဟာ ဒီအဖိုးအိုကြီးကို မောင်းထုတ်ကြပါတယ်။ ဆွဲခေါ်သွားကြပြီး အိမ်ထဲကို တွန်းပို့ကြပါတယ်။ ဒါပေမယ့်လို့ သူတို့ ကာကွယ်တာဟာ သိပ်ကို နောက်ကျသွားပါပါပြီ။ ဘာကြောင့်လည်းဆိုတော့ ထိုအဖိုးအိုကြီးကို မင်းသားလေး သိဒ္ဓတ္ထမြင်တွေ့သွားပြီး ဖြစ်လို့ပါ။
သိဒ္ဓတ္ထမင်းသားလေး အဖိုးအိုကြီးကို မြင်တွေ့လိုက်စဉ်မှာပဲ သိပ်ကို အံ့အားသင့်သွားပါတယ်။ သူအတွေးထဲမှာ ဒီအဖိုးအိုဟာ ဘယ်လို လှုမျိုး၊ ဘယ်လို သတ္တ၀ါမျိုးမှန်းကို မသိအောင်ဖြစ်သွားပါတယ်။ ဒါဟာ သှု့ဘ၀အတွက် ပထမဆုံး တွေ့မြင်ခြင်းဖြစ်လို့ပါပဲ။ ဒါကြောင့် သူဟာ ဆန္နအမတ် သူ့ရဲ့ မြင်းလှည်းမောင်းသူကို မေးပါတယ်။ “ဆန္န ဒါက ဘာလဲ၊ ဒါဟာ လှုတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူက လှုလား။ တကယ်လို့ သူဟာ လူတစ်ယောက်ဆိုရင် ဘာကြောင့် သူများနဲ့မတူဘဲ ရုပ်တွေ မလှမပဖြစ်နေတာလဲ၊ ခါးတွေ သိပ်ပြီးကုန်းကွနေတာလဲ၊ သူဟာ ဘာကြောင့် တုန်တုန်ရီရီ ဖြစ်နေတာလဲ၊ နောက်ပြီး သူ့ရဲ့ ဆံပင်တွေက ဘာကြောင့် ငါ့လို မည်းနက်မနေဘဲ အကုန်လုံး ဖြူနေရတာလဲ၊ သူ့မျက်လုံးတွေက ဘယ်လိုဖြစ်နေတာလဲ၊ သူ့သွားတွေကကော ဘယ်ရောက်နေတာလဲ။ အချို့လှုတွေက ဒီလိုပဲ မွေးဖွားလာကြသလား ဆန္န၊ ငါ့ကိုပြောပါ။”လို့ မေးခွန်းပေါင်းများစွာ မေးပါတယ်။
ဒီတော့ ဆန္န၊ “အရှင်မင်းသား၊ ဒါကတော့ သူအိုတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ ဒီပုံအတိုင်း စတင်မွေးလာခဲ့တာ မဟုတ်ပါဘူး။ သူဟာ လောကကြီးထဲ စတင်ဝင်ရောက်လာတုန်းက အများနည်းတူလိုပဲ မွေးဖွားခဲ့တာပါ။ ပထမတော့ သူဟာ အလွန် သန်မာပြီး နုပျိုတဲ့ လူတစ်ယောက်ပါ၊ သူဟာ အရင်က မည်းနက်တောက်ပြောင်တဲ့ ဆံပင်များကို ပိုင်ဆိုင်ခဲ့သလို၊ ၀င်းလက်တောက်ပတဲ့ မျက်လုံးများကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အချိန်များစွာ အသက်ရှင် နေထိုင်လာခဲ့တဲ့ နောက်ပိုင်းမှာတော့ သူဟာ အရာရာ ပြောင်းလဲလာခဲ့ရပါတယ်။ အခုလို အိုမင်းရင့်ရော် လာရပါတယ်။ အိုမင်းရင့်ရော်လာတာကြောင့် အခုလို သူများနဲ့ မတူဖြစ်နေရပါတယ်။ စိတ်ထဲ ထားရှိတော် မမှုပါနဲ့ အရှင်မင်းသား၊ သူနဲ့ပတ်သက်ပြီး အရှင်မင်းသား စိတ်မချမ်းမသာ အဖြစ်မခံပါနဲ့၊ အရှင်မင်းသားနဲ့ မသက်ဆိုင်ပါဘူး။ သူ့ဘ၀နဲ့ သူ ရှိပါစေ အရှင်မင်းသား။” လို့ လျှောက်တင်ပြပါတယ်။
ဆန္န၊ သင် ဘာကို ဆိုလိုတာလဲ။ သူဟာ လူသားတစ်ယောက် ဖြစ်တယ်လို့ သင်ပြောလိုက်တာလား။ လူသားတိုင်း နှစ်ပေါင်းကြာရှည်စွာ နေထိုင်ပြီးနောက်မှာ အားလုံးပဲ ဒီလိုဖြစ်လိမ့်မယ်လို့ သင်ပြောလိုတာလား။ ငါ့ဘ၀မှာ ဒီလို တွေ့ကြုံမှု့မျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ လို့ပြန်ပြောပါတယ်။
“အရှင်မင်းသား၊ တစ်စုံတစ်ယောက်ဟာ ကြာရှည်စွာ အသက်ရှင်ပြီးတဲ့ နောက် သူဟာ အခုလိုဖြစ်လာပါလိမ့်မယ်။ ဒီအိုခြင်းတရားကို သူဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။”
“ဆန္န၊ တစ်နေ့တစ်ချိန်မှာ လူသားအားလုံး အိုမင်းရင့်ရော်လာမှာ သေချာတယ်လို့ သင်ပြောလိုက်တာက သင်ရော ငါရော၊ ငါ၏ ခမည်းတော်၊ ငါ၏ ကြင်ယာတော် ယသော်ဓရာတို့ပါ အိုရမယ်ဆိုတာ သေချာလား။ တစ်နေတစ်ချိန်မှာ ငါတို့ဟာ သွားမရှိတော့မယ့်သူ၊ ဆံပင်များ ဖြူလာမယ့်သူ၊ ခါးးကုန်းကွပြီး တုတ်အကူဖြင့် တုန်တုန်ရီရီနဲ့ သွားနေတဲ့ ဒီအိုမင်းရင့်ရော်နေတဲ့ အဖိုးအိုလို ဖြစ်လာမှာဆိုတာ ဖြစ်နိုင်လို့လား ဆန္န။ ဘယ်သူမှ အိုခြင်းတရားကို ရှောင်လွှဲလို့ မရဘူးဆိုတာ ဟုတ်လား။” ဆိုပြီးမေးမြန်းပါတယ်။
ဒီလိုမေးမြန်းပြီးနောက် သိဒ္ဓတ္ထမင်းသားလေးဟာ စိတ်မပျော်မရွှင်ဖြစ်သွားကာ ရှေ့ဆက်ပြီး ကြည့်ရှုချင်တဲ့ စိတ်မရှိတော့တာကြောင့် ဆန္နကို ချက်ချင်းပြန်လှည့်ပြီး နန်းတော်ကို ပို့ဆောင်ဖို့ ပြောလိုက်ပါတယ်။ သူဟာ မမျှော်လင့်ဘဲ တွေ့ကြုံခဲ့ရတဲ့ အိုခြင်းတရားဆိုတဲ့ အရာကို တစ်ယောက်တည်း သေသေချာချာ တွေးတော ဆင်ခြင် စဉ်းစားနိုင်ဖို့အတွက်လည်း ချက်ချင်း နန်းတော်သို့ ပြန်လှည့်ခိုင်းတာပါ။
အိုခြင်းတရားကို ဘယ်သူမှ ရှောင်ရှားလို့ မရဘူးဆိုတာ သိလိုက်တဲ့အတွက်ကြောင့် သူရဲ့ ပျော်ရွှင်ခြင်းတွေ စိတ်ကျေနပ်မှု့တွေဟာ ရေပေါ်အရုပ်ရေးသလိုပဲ ကြာရှည်မခံဘူးဆိုတာကိုလည်း သိဒ္ဓတ္ထမင်းသားလေး တွေးမိလိုက်ပါတယ်။ တကယ်တော့ ဘုရင်ပဲဖြစ်ဖြစ်၊ ဘုရင်ရဲ့သားတော်ပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ အာဏာပါဝါရှိတဲ့ သူပဲဖြစ်ဖြစ် ဘယ်သူမှ အိုခြင်းတရားကို ရှောင်လွှဲလို့မရပါဘူး။ မအိုပါနဲ့လိုလည်း မျှော်လင့်ကာ တောင်းဆိုနေလို့လည်း မရဘူးဆိုတာ မင်းသားလေး နားလည်လိုက်ပါတယ်။
အဲဒီနေ့ညမှာ သိဒ္ဓတ္ထမင်းသားလေး အိပ်လို့မပျော်နိုင်ခဲ့ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူကိုယ်တိုင်ရော၊ သူ့ရဲ ကြင်ယာတော် ယသော်ဓရာရော ခမည်းတော် သုဒ္ဓေါဓနပါ မကျန် အားလုံး အိုရမယ်ဆိုတာကို တွေးမိလိုက်တိုင်း သူ့ မပျော်ရွှင်နိုင်ပါဘူး။ ဒီအိုခြင်းတရားဆိုတဲ့ သဘာဝတရားက သူ့စိတ်ကို နှောင့်ယှက်နေပြီး ရှုပ်ထွေးစေနေလို့ပါ။ နောက်တော့ “ဒီလောကကြီးထဲမှာ ဒီအိုခြင်းတရားက လွတ်မြောက်နိုင်မယ့် လမ်းကို ရှာဖွေတွေ့ရှိတဲ့ သူတစ်ဦးတစ်ယောက်မှ မရှိဘူးလား။ လောကမှာ အကြောင်းတရားက လွတ်ပြီး ဖြစ်တည်တဲ့အရာ မရှိဘူး။ ငါကော ဒီအိုခြင်းတရားကနေ လွတ်မြောက်မယ့် လမ်းကို မရှာဖွေနိုင်ဘူးလား။ ဒီအိုခြင်းတရားဖြစ်ပေါ်လာရခြင်းဟာ အကြောင်းတရားရှိရမယ်၊ ဒီအကြောင်းတရားကို ရှာဖွေပြီး အိုခြင်းတရားမှ လွတ်မြောက်အောင် အားလုံးသော သူများအတွက် ငါရှာဖွေမယ်” လို့ သိဒ္ဓတ္ထမင်းသားလေး သိန္နိဋ္ဌာန် ချလိုက်ပါတယ်။
သိဒ္ဓတ္ထမင်းသားလေးရဲ့ တွေးတော လုပ်ဆောင်မှု့တိုင်းဟာ လောကတ္ထစရိယ လောကအတွက်၊ ဥာတတ္ထစရိယ မိမိရဲ့ နိုင်ငံနဲ့ အမျိုးသားများအတွက်၊ ဗုဒ္ဓတ္ထစရိယ မိမိအတွက် သဗ္ဗညူတဥာဏ်ရှင် ဘုရားရှင်ဖြစ်ဖို့ အတွက်ကိုပဲ ပန်းတိုင်ထားတာပါ။ ဘုရားဖြစ်ပါမှ လောကတ္ထစရိယအတွက်၊ ဥာတတ္ထစရိယအတွက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment