Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၉)"

ဘုရင်သုဒ္ဓေါဓန မင်းကြီးဟာ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင် ဆောက်လုပ်ပြီး သိဒ္ဓတ္ထမင်းသားလေးကို နန်းတော်မှ ထွက်ခွာမသွားအောင် ကြိုတင်ကာကွယ် ထားပေမယ်လို့လည်း သူစိတ်မချနိုင်သေးပါဘူး။ နောက်ထပ် ဘယ်အရာနဲ့များ သူ့ရဲ့ တောထွက်ခြင်းမှ ကာကွယ်ထားလို့ ရမလဲဆိုပြီး အမြဲတမ်းပဲတွေးတောနေမိပါတော့တယ်။ သူဘယ်လိုမှ တွေးကြံလို့ မရတော့တဲ့အဆုံး သူ့ရဲ့ ပညာရှိအမတ်ကြီးတွေ မင်းမှု့ထမ်းတွေကို နန်းတော်ထဲကို ခေါ်ဆောင်ပြီး အစည်းအဝေးတစ်ခု ကျင်းပဖို့ ဖိတ်ခေါ်စေလိုက်ပါတယ်။ တိုင်းပြည်နဲ့ နန်းတော်ကနေထွက်ခွာ စကြာဝတေးမင်းအဖြစ်ကို စွန့်လွှတ်ပြီး တောထွက်ကာ ဘုရားအဖြစ်သို့ ရောက်တော်မှုအောင် ကျင့်ကြံအားထုတ်မှာဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားလေးရဲ့ စိတ်ဆန္ဒကို ဖြစ်ပေါ်မလာအောင် အကောင်အထည်ဖော်လို့မရအောင် တစ်ခြား ဘယ်နည်းနဲ့များ တားမြစ်ကာ ဟန့်တားထားနိုင်မလဲဆိုတဲ့ အကြံဥာဏ်များကို ပညာရှိအမတ်ကြီးတွေ၊ မင်းမှု့ထမ်းတွေဆီကနေ တောင်းခံဖို့အတွက် အစည်းအဝေးပွဲကို ပညာရှိအမတ်ကြီးတွေကို ဆင့်ခေါ်လိုက်တာပါ။ ဒီတော့ ပညာရှိအမတ်ကြီးက သူတို့ရဲ့ အကြံဥာဏ်များကို အခုလို တစ်ခုတစ်ပေါင်းတည်း လျှောက်ထားကြပါတယ်။ “အရှင်မင်းကြီး၊ သိဒ္ဓမင်းသားလေးကို နန်းတော်ကထွက်ခွာမသွားအောင် ဟန့်တားထားနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ အရှင်မင်းကြီးရဲ့ တိုင်းပြည်မှာရှိတဲ့ ချောမောလှပဆုံးဖြစ်တဲ့ မင်းသမီးများ၊ ပျိုကညာများကို ဆင့်ခေါ်စေပြီးတော့ မင်းသားလေး သဘောကျနှစ်သက်မယ့် မင်းသမီး၊ ပျိုကညာတစ်ဦးနဲ့သာ ထိမ်းမြားလက်ထပ်ပေးလိုက်ပါ။ သာယာတဲ့ အိမ်ထောင်ရဲ့ ပျော်ရွှင်မှု့ကို သိဒ္ဓမင်းသားလေးသာ ခံစားစံစားနေရရင် သူဟာ တစ်ခြားဘာကိုမှ စဉ်းစားမှာ မဟုတ်ပါဘူး။ နန်းတော်ကထွက်ခွာဖို့ကိုလည်း စဉ်းစားမိတော့မှာ တွေးကြံမိတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ အရှင်မင်းကြီးရဲ့ အလိုဆန္ဒအရ တသွေမတိမ်း အရှင်မင်းကြီးရဲ့ အရိုက်အရာကို ခံယူပါလိမ့်မယ်”လို့ လျှောက်တင်ကြပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ အမတ်ကြီးများရဲ့ အကြံပြုချက်ကို သဘောကျပြီး ချက်ချင်း လက်ခံလိုက်ပါတယ်။ ပြီးတော့ သူဟာ နိုင်ငံအတွင်းမှာရှိတဲ့ ချောမောလှပဆုံးဖြစ်တဲ့ မင်းသမီးများ၊ ကညာပျိုများကို ရွေးချယ်ပြီး နန်းတော်ကိုခေါ်ဆောင်ဖို့အတွက် အမိန့်တော် ထုတ်ပြန်လိုက်ပါတယ်။ မင်းသမီးများ၊ ကညာပျိုများကို ရွေးချယ်ဖို့ သတ်မှတ်ထားတဲ့ နေရက်မှာ ပြိုင်ပွဲဝင်မယ့် သူများအားလုံး ကပိလ၀တ္ထုပြည်ကို လာရောက်ဖို့အတွက်လည်း အမိန့်ချမှတ်လိုက်ပါတယ်။ မင်းသမီးများ ကညာပျိုများအနေနဲ့ တစ်ယောက်ချင်း သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေ့တော်မှောက်မှာ လမ်းလျှောက်ပြီး အလှပြပြိုင်ရမှာပါ၊ ပြီးတော့ သိဒ္ဓတ္ထမင်းသားလေး ပေးမယ့် လက်ဆောင်ပဏ္ဍာများကို လက်ခံယူရမှာပါ။ ဘုရင်သုဒ္ဓေါဓနက သူ့ရဲ့ ပညာရှိအမတ်ကြီးများကို သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေ့တော်မှောက်မှာ လမ်းလျှောက်ကာ အလှပြကြမယ့် နေရာဆီသို့ သွားရောက်ပြီး ကြည့်ရှု့ကြဖို့ အမိန့်ချမှတ်ထားတာပါ။ အမတ်ကြီးများအနေနဲ့ လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အလုပ်ကတော့ သိဒ္ဓတ္ထမင်းသားလေး သဘောကျအနှစ်သက်ဆုံး အလှပဆုံးမိန်းကလေးဟာ ဘယ်သူဖြစ်တယ်ဆိုတာကို သေချာစောင့်ကြည့်ဖို့ပါပဲ။
အလှပြိုင်ပွဲနေ့မှာ နိုင်ငံတိုင်းက အလှမယ် မင်းသမီးများဟာ သိဒ္ဓတ္ထမင်းသားလေးရဲ့ ရှေတော်မှောက်မှာ လျှောက်ပြကာ သူတို့ရဲ့ အလှအပကို ပြသကြပါတယ်။ အားလုံးကတော့ အလှအပတွေချည်းပါပဲ။ သိဒ္ဓမင်းသားလေးဆီက လက်ဆောင်ကို လက်ခံရရှိတဲ့အတွက်လည်း ဂုဏ်ယူကာ သိပ်ကို ပျော်ရွှင်နေကြပါတယ်။ သူတို့တွေးထင်နေတာကတော့ မင်းသားလေးရဲ့ လက်ဆောင်များကို လက်ခံရယူနေစဉ်မှာ သူတို့ကိုယ်သူတို့ သာမာန်သူများမဟုတ်ဘူး၊ နတ်ပြည်မှာ ရောက်ရှိနေသလို၊ နတ်သားလေးက လက်ဆောင်များကို ပေးအပ်နေသလိုကို ခံစားတွေးထင်ပြီး အကျေနပ်ကြီး ကျေနပ်နေကြတာပါ။ ဒါပေမယ့်လို့ သူတို့ဟာ မင်းသားလေးဆီက လက်ဆောင်ကို ယူပြီး သူတို့ရဲ့ အဖွဲ့နေရာကို ပြန်လှည့်သွားကြရင်း သူတို့ဟာ ပြည့်ဝတံအလှအပကို မပိုင်ဆိုင်ကြဘူးဆိုပြီး တွေးတောကာ မင်းသားလေးရဲ့ ကြင်ယာတော် အဖြစ်မရရှိမှာကို စိုးကြောက်သွားကြပါတယ်။ သူတို့ရဲ့ အလှအပတွေ၊ စိုးရိမ်ပှုပန်မှု့ကို သိဒ္ဓတ္ထမင်းသားလေးက ဂရုတစိုက် အလေးထားပြီး မကြည့်ရှုပါဘူး။ သူဟာ လက်ဆောင်များကို ပေးနေရပေမယ့်လို့လည်း သှု့ရဲ့စိတ်အတွေးတွေကတော့ မင်းသမီးများရဲ့ အလှအပတွေ၊ အပြုံးလှလှတွေနဲ့ လှပတဲ့ အမှုအရာ ရုပ်အသွင်တွေကို မတွေးမိပါဘူး။
အလှပြိုင်ကြတဲ့ ပြိုင်ပွဲဝင် အလှအပ မိန်းမလှလေးများလဲ ကုန်ဆုံးခါနီးလာပါပြီ၊ သူ့ရဲ့ လက်ဆောင်အားလုံးလည်း ပေးအပ်ပြီးဖြစ်တာကြောင့် ကုန်ဆုံးသွားပါတယ်။ ဒါပေမယ့်လို့ သိဒ္ဓမင်းသားလေးကတော့ အေးဆေးငြိမ်သက်စွာပဲ တစ်ခြားအကြောင်းများကို တွေးတောနေဆဲပါပဲ။ အဲဒီအချိန်မှာ ရုတ်တရက် ချောမောလှပတဲ့ မင်းသမီးလေးတစ်ယောက်ဟာ ကပျာကယာလေး ၀င်ရောက်လာပါတယ် အမှန်တော့ သူဟာ နောက်ကျတဲ့အတွက် အပြေးကလေး ၀င်ရောက်လာတာပါ။ ဒီမင်းသမီးလေး အပြေးကလေး ကပျာကယာဝင်ရောက်လာတော့ မင်းသားလေးဟာ သတိထားကြည့်မိပြီး အလွန်အံအားသင့်သွားပါတယ်။ မင်းသမီးလေးဟာ တစ်ခြား သူများလိုပဲ မင်းသားလေးရဲ့ ရှေတော်မှောက်ကို လမ်းလျှောက်ကာ အလှပြပါတယ်။ ဒါပေမယ့် တစ်ခုထှုးခြားတာကတော့ သူဟာ မင်းသားလေးကို ရှက်ပြုံးတဲ့ အမှုအရာလေးများနဲ့ အရိုအသေလေးပဲ လျှောက်ပြခဲ့တာပါ။ မင်းသားလေးရှေ့ကနေ ဖြတ်လျှောက်ပြပြီးတော့ နောက်ကို ပြန်လှည့်ပြီး လှပတဲ့အပြုံးလေးနဲ့အတှု “ကျွန်မအဖို့ လက်ဆောင် တစ်ခုခု ကျန်သေးပါ သလား”လို့ မေးလိုက်ပါတယ်။ ဒီတော့ သိဒ္ဓတ္ထမင်းသားလေးက “အို၊ သိပ်ကို ၀မ်းနည်းပါတယ်၊ လက်ဆောင်အားလုံးဟာ တစ်ခြား သူများကို ပေးလိုက်ရတဲ့အတွက် ကိုယ့်ဆီမှာ တစ်ခုမှ မကျန်တော့ပါဘူး၊ ဒါပေမယ့်လို့ မင်းအတွက် ဒီလက်ဆောင်လေးတစ်ခုတော့ ကျန်ပါသေးတယ်ဆိုပြီး သူ့ရဲ့ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ အဖိုးတန် လည်ဆွဲကြိုးလေးကို ဖြုတ်ပြီး မင်းသမီးလေးရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။” တစ်ခြား မင်းသမီးများကို သာမာန်လက်ဆောင်များပဲ ပေးအပ်ခဲ့တာပါ၊
ဘုရင်အမိန့်တော်အရ စောင့်ကြည့်နေကြတဲ့ ပညာရှိအမတ်ကြီးများဟာ သိဒ္ဓတ္ထမင်းသားလေးနဲ့ ဒီမင်းသမီးလေးရဲ့ အမှုအရာလေးကို သေချာကြည့်မြင်ပြီး ပျော်ရွှင်သွားကြပါတယ်။ ပြီးတော့ သူတို့ဟာ မင်းသားလေး သဘောကျ နှစ်သက်တဲ့ နောက်ဆုံးမှ ၀င်ရောက်လာတဲ့ မင်းသမီးလေးဟာ ဘုရင်သုပ္ပဗုဒ္ဓရဲ သမီးတော် ယသော်ဓရာဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ဘုရင်သုဒ္ဓေါဓနကို လျှောက်တင်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာလည်း သိပ်ကို ပျော်ရွှင်သွားပါတယ်။ သူ့ရဲ့ ဆန္ဒပြည့်ဝဖို့ နီးစပ်လာပြီဆိုတဲ့ အတွေးနဲ့ပါ။ ပြီးတော့ ချက်ချင်းပဲ သူ့ရဲ့ အမတ်ကြီးများကို ဘုရင်သုပ္ပဗုဒ္ဓဆီ သွားရောက်ပြီး မင်းသားလေးသိဒ္ဓတ္ထနဲ့ မင်းသမီး ယသော်ဓရာတို့ကို ထိမ်းမြားလက်ထပ်ပေးဖို့ ကြောင်းလမ်းခိုင်းလိုက်ပါတော့တယ်။
ဟိမ၀န္တာတောင်ခြေမှာ နေထိုင်ကြတဲ့ အားလုံးသော သူများဟာ သိပ်ကို ရဲရင့်ကြပါတယ်။ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံကြပါတယ်။ သကျသာကီဝင်များရဲ့ ဓလေ့ထုံးစံအရ မင်းသားတစ်ယောက်အနေနဲ့ လက်ထပ်ထိမ်းမြားခြင်းပြုတော့မယ်ဆိုရင် တိုင်းသူပြည်သားများရဲ့ ရှေ့မှောက်မှာ သူဟာ မြင်းစီးအတတ်၊ မြှားပစ်အတတ်၊ ဓားရေးအတတ် စသည်မှာ တစ်ခြားရဲရင့်သူများထက် ပိုပြီးရဲရင့်ကြောင်း တတ်မြောက်ကြောင်း လိမ်မာပြီး အရာရာတတ်ကျွမ်းကျင်ကြောင်းကို လူအများရဲ့ရှေ့မှာ ပြသကြရပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ရိုးရာဓလေ့ကို လိုက်နာပြီးတော့ သတ္တိရှိရှိ ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းလင်းပါပဲ နိုင်ငံတိုင်းမှာရှိတဲ့ ငယ်ရွယ်ပြီး ဓားရေး၊ လှံရေး၊ မြင်းစီးအတတ်စသည်မှာ ရဲရင့် လိမ်မာတတ်ကျွမ်းကြတဲ့သူများအလုံးကို ကပိလ၀တ္ထုပြည်မှာ လာရောက်ပြီး ယှဉ်ပြိုင်ပြသဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
နိုင်ငံတိုင်းမှာရှိတဲ့ လူငယ်များဟာ မြင်းစီးအတတ်၊ ဓားရေးအတတ်၊ လှံရေးအတတ်၊ မြှားရေးအတတ်မှာ ကျွမ်းကျင်တဲ့သူချည်းပါပဲ။ တစ်ယောက်စီအလှည့်ကျ သူတို့ရဲ့ စွမ်းရည်များကို ဘုရင်နဲ့ အမတ်ကြီးများ၊ တိုင်းသူပြည်သားများရဲ့ ရှေ့မှောက်မှာ ပြသကြပါတယ်။ သိဒ္ဓတ္ထမင်းသားလေးလည်း ပြိုင်ပွဲမှာ သူ့ရဲ့ ဖွားဖက်တော် ကဏ္ဍကမြင်းဖြူကြီးကို စီးပြီး ပါဝင်ယှဉ်ပြိုင်ပါတယ်။ သူဟာ အားလုံးသော ပြိုင်ပွဲဝင် လူငယ်များကို ဖြတ်ကျော် အောင်မြင်ခဲ့ပါတယ်။ မြှားပစ်အတတ်မှာ နိုင်ငံတိုင်းက အသာလွန်ဆုံး အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ ၀မ်းကွဲညီအစ်ကို ဒေ၀ဒတ္တမင်းသားလေးထက် လျှင်မြန်အောင် ပစ်ခတ်ကာ အနိုင်ရခဲ့ပါတယ်။ ကပိလ၀တ္ထုပြည်မှာ သိဒ္ဓမင်းသားလေးပြီးရင် ဒုတိယအတော်ဆုံး မြှားပစ်သမားကတော့ ဒေ၀ဒတ္တမင်းသားလေးပါ။
ဓားရေးပြိုင်ပွဲမှာလည်း သိဒ္ဓတ္ထမင်းသားလေးက သစ်ပင်တစ်ပင်ကို တစ်ချက်တည်းနဲ့ ပြတ်အောင် ခုတ်ပြနိုင်ခဲ့ပါတယ်။ သူဖြတ်ချလိုက်တဲ့ သစ်ပင်ဟာ တစ်ခါတည်းတော့ မြေကို မကျသွားပါဘူး ဒါဟာလည်း သူဖြစ်တဲ့ သစ်ပင်ဟာ မပြတ်ဘူးလို့ လူများက ထင်အောင် ထူးခြားတဲ့ စွမ်းရည်နဲ့ ပုံမှန်အတိုင်းပဲ တည်နေသလိုထင်အောင် ခုတ်ဖြတ်ထားခဲ့တာပါ။ လေလေးတိုက်ခတ်လာတဲ့အခါမှာတော့ သစ်ပင်လေးဟာ ဖြေးဖြေးလေး မြေသို့ ပြုတ်ကျသွားပါတယ်။ ဓာရေးအတတ်မှာလည်း ကပိလ၀တ္ထုပြည်မှာ အတော်ဆုံးလို့ အများက သတ်မှတ်ထားတဲ့ သှု့ရဲ့ ၀မ်းကွဲညီဖြစ်တဲ့ နန္ဒမင်းသားလေးကို ကျော်လွန်ပြီး အောင်နိုင်သူအဖြစ်နဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။
မြင်းစီးအတတ်ပြိုင်ပွဲမှာလည်း သိဒ္ဓတ္ထမင်းသားလေးဟာ သူ့ရဲ့ ဖွားဖက်တော် ကဏ္ဍကမြင်းဖြူကို စီးပြီးပြိုင်ပွဲဝင်ခဲ့ပါတယ်။ သူဟာ လျှင်မြန်စွာစီးပြီး အားလုံးသော သူများကို သူ့နောက် အဝေးကြီးမှာကို ချန်ရစ်ခဲ့ပြီး ဖြတ်ကျော်အောင်မြင်ပြီး အောင်နိုင်သူဖြစ်ခဲ့ပြန်ပါတယ်။ ဒီတော့ ပြိုင်ပွဲဝင်အားလုံးဟာ “သိဒ္ဓတ္ထမင်းသားက သူ့စီးတော်မြင်း ကဏ္ဍကမြင်းဖြူကို စီးပြီးပြိုင်မှတော့ လွယ်လွယ်ကှုကှု နိုင်မှာပေါ့၊ တို့လည်း သူ့စီးတော်မြင်း ကဏ္ဍကမြင်းဖြူကို စီးပြီးပြိုင်ရင် အနိုင်ရမှာပဲ။ ဒီတော့ သူဟာ မြင်းစီးမှာ တကယ်အောင်နိုင်သူအစစ် သတ်မှတ်လို့ မရဘူး။ တကယ် မြင်းစီးအတတ်မှာ တတ်ကျွမ်းကျင်တဲ့သူအစစ်ဟာ ထှုးဆန်းတဲ့ မြင်းနက်ကြီးကို စီးပြီးပြိုင်ပွဲဝင်လို့ အနိုင်ရတဲ့သူသာ အောင်နိုင်သူအစစ်ဖြစ်တယ်”လို့ပြောဆိုပြီး ကန့်ကွက်ကာ စောဒကတက်ကြပါတော့တယ်။ အဲဒီမြင်းနက်ကြီးဟာ မယဉ်ကျေးပါဘူး။ အရိုင်းစိတ်တွေဝင်နေတဲ့ မြင်းနက်ကြီးကို သူတို့ပြောတာပါ။
ဒီလိုပြောဆိုပြီး မြင်းနက်ကြီးကို ထုတ်ဆောင်ပြီး မြင်းကို ချိန်းလိုက်ကြပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတိုင်း မယဉ်ကျေးတဲ့၊ ကြမ်းတမ်းတဲ့ မြင်းနက်ကြီးကို တက်စီးဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း အားလုံးဟာ မြေကြီးပေါ်သို့ မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံကြရပါတယ်။ အခုတစ်ခါတော့ ကပိလ၀တ္ထုပြည်မှာ မြင်းစီးအတတ်မှာ အကျွမ်းကျင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ အနုရုဒ္ဓါမင်းသားလေးအလှည့် ရောက်လာပါတယ်။ သူဟာ မြင်းနက်ကြီးပေါ်ကို လျှင်မြန်ဖြတ်လတ်စွာ လွယ်လွယ်လေးပဲ တက်လိုက်ပါတယ်။ ပြီးတော့ ကြာပွတ်ကိုကိုင်ပြီး မြင်းနက်ကြီးကို ရိုက်ပြီး သူလိုရာ ဆွဲလှည့်စေလိုက်ပါတယ်။ မကြာပါဘူး အနုရုဒ္ဓါမင်းသားလေး မြင်းနက်ကြီးပေါ်မှာ ခဏတာလောက်ပဲ ထိုင်လိုက်ရပါတယ်၊ သူဟာ မမျှော်လင့်ဘဲ မယဉ်ကျေးတဲ့ မြင်းနက်ကြီးဟာ သူ့ကိုယ်ပေါ်ကနေ ကဆုန်ပေါက်ပြီး ခါချပါတယ်။ အနုရုဒ္ဓါမင်းသားလေးဟာ အောက်ပြုတ်ကျပြီး မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံလိုက်ရပါတယ်။
ဒီတစ်ခါတော့ သိဒ္ဒတ္ထမင်းသားလေး တက်စီးဖို့ အလှည့်ရောက်လာပါပြီ၊ လူတိုင်း တွေးမိနေကြတာကတော့ “တို့နိုင်ငံက အကောင်းဆုံး မြင်းစီးသမား အနုရုဒ္ဓါမင်းသားတောင်မှ သေလုနီးပါးဖြစ်အောင် မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံရတယ်ဆိုရင် သိဒ္ဓတ္ထမင်းသားအနေနဲ့ သေချာပါတယ် သူဟာ အနုရုဒ္ဓါမင်းသားလေးထက် အကောင်းဆုံး မဖြစ်နိုင်ပါဘူ။ မြင်းနက်ကြီးရဲ့ ကန်ချောက်ခြင်းကို ခံရမှာပဲ။”ဆိုတဲ့ အတွေးလေးပါပဲ။ ဒါပေမယ့်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ မြင်းနက်ကြီးရှိရာကို အသားလေးကပ်လာပြီး လက်တစ်ဖက်ကို မြင်းနက်ကြီးရဲ့ လည်ပင်းပေါ်တင်ပြိး မြင်းကြီကို လက်တစ်ဖက်နဲ့ ပွတ်သတ်ပြီး မြင်းနက်ကြီးကို မျက်နှာအပ်ပြီး တိုးတိုးလေး စကားပြောလိုက်ပါတယ်။ နောက်တော့ အသာအယာပဲ မြင်းနက်ကြီးပေါ်ကို တက်လိုက်ပါတယ်။ လူတိုင်းပဲ မြင်းနက်ကြီးဟာ ယဉ်ကျေးသွားပြီး သိဒ္ဓတ္ထမင်းသားလေးကို သူ့ကျောပေါ်တက်စီးခွင့်ပြုကာ သိဒ္ဓတ္ထမင်းသားလေးရဲ့ အလိုရှိတိုင်း လိုက်နာပြီး လုပ်ပေးနေတာကို တွေ့မြင်ကြတော့ သိပ်ကို အံ့သြသွားကြပါတယ်။ မြင်းနက်ကြီးဟာ သိဒ္ဓတ္ထမင်းသားလေးရဲ့ ဆန္ဒတော်တိုင်း လုံးဝလိုက်ပြုလုပ်ပေးနေတာကို တွေ့မြင်လိုက်ကြရပါတယ်။ ဒါဟာ မယဉ်ကျေးတဲ့ မြင်းနက်ကြီးကို ကြာပွတ်မသုံးရဘဲနဲ့ ယဉ်ကျေးလိမ်မာအောင် ပြုလုပ်နိုင်တဲ့ မိမိလိုရာကို ခိုင်းစေနိုင်တဲ့ ရဲရင့်တဲ့ သူတစ်ယောက်အဖြစ် ပထမဆုံး သိဒ္ဓတ္ထမင်းသားလေး ပြုလုပ်ပြခဲ့တာပါ။ နောက်ဆုံးမှာတော့ လူတိုင်းက သိဒ္ဓတ္ထမင်းသားလေးဟာ နိုင်ငံမှာ မြင်းစီးအတတ်စသည်မှာ အကောင်းဆုံးအတော်ဆုံးသူအဖြစ် သတ်မှတ်ခြင်းပြုကာ ယသော်ဓရာရဲ့ ကြင်ယာတော် အဖြစ်သင့်လျော်ကာ လက်ခံနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ သူဖြစ်တယ်ဆိုပြီး သဘောတူလက်ခံခဲ့ကြပါတယ်။ ဘုရင်သုပ္ပဗုဒ္ဓကိုယ်တိုင် အရည်အချင်းပြည့်ဝတဲ့ သိဒ္ဓတ္ထမင်းသားလေးကို သိပ်ကို သဘောကျပြီး သူ့ရဲ့ သမီးတော် ယသော်ဓရာနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့ ချက်ချင်း သဘောတူလိုက်ပါတော့တယ်။
သိဒ္ဓတ္ထမင်းသားလေး အသက် ၁၆ နှစ်မှာပဲ ယသော်ဓရာမင်းသမီးလေးနဲ့ ထိမ်းမြားခဲ့တာပါ။ သိဒ္ဓတ္ထမင်းသားလေးနဲ့ မင်းသမီးယသော်ဓရာတို့ရဲ့ ထိမ်းမြားခြင်း မင်္ဂလာပွဲတော်ဟာ တစ်နိုင်ငံလုံးကို ပျော်ရွှင်မှု့ဖြစ်စေခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ ဘုရင်သုဒ္ဓေါဓန ဆောက်လုပ်ပေးထားတဲ့ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုတဲ့ မွေလျော်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါလွန်းတဲ့ နန်းတော်သုံးဆောင်ပေါ်မှာ ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာ အခုမှပဲ သူ့ဟာ ပီတိ ခံစားချက်တွေ ပျော်ရွှင်မှု့တွေနဲ့ သက်သောက်သက်သာ ဖြစ်သွားခဲ့တာပါ။ သိဒ္ဓတ္ထမင်းသားလေးဟာ နန်းတော်ကို စွန့်ပြီး ထွက်ခွာသွားတော့မှာ မဟုတ်ဘူးဆိုတာကို တွေးပြီးတော့ပေါ့။

No comments:

Post a Comment