Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၁၁)"

"သူနာကို တွေ့ပြီ"


သိဒ္ဓတ္ထမင်းသားလေး တိုင်းခန်းလှည့်လည်ရာမှာ တွေ့ကြုံဆုံခဲ့တဲ့ အဖြစ်အပျက်အလုံးစုံကို နန်းတော်ပြန်ရောက်တော့ တစ်ယောက်သော အမတ်က ဘုရင် သုဒ္ဓေါဓနကို လျောက်တင်လိုက်ပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ အဖြစ်အပျက်ကို ကြားလိုက်စဉ်မှာပဲ သိပ်ကို စိုးရိမ်စိတ်ဖြစ်သွားပြီး မပျော်မရွှင်ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိမိတ်တွေကို တွေ့မြင်ပြီးနောက် နန်းတော်ကနေစွန်ခွာသွားမှာကို စိုးရိမ်လိုပါပဲ။ သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကနေ စွန့်ခွာမသွားရလေအောင် မင်းသားလေးကို ပျော်ရွှင်စေမယ့်၊ စိတ်ချမ်းမြေ့စေမယ့်၊ နန်းတော်မှ ထွက်ခွာမသွားနိုင်အောင် တားဆီးကာ စွဲဆောင်ထားနိုင်စေမယ့် အရာမှန်သမျှ၊ ပျော်ရွှင်ကြည်နှုးစေမယ့် အရာမှန်သမျှကို အရင်ကထက် များစွာ ရှာဖွေကာ ထားပေးဖို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ ခမည်းတော်မင်းကြီးကို နောက်တစ်ကြိမ် တိုင်းပြည်ကို လှည့်လည်ကြည့်ရှု့ဖို့အတွက် ထပ်မံခွင့်တောင်းပါတယ်။ ဒီတစ်ကြိမ်တော့ အရင်တစ်ခေါက်ကလို ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ လူသိရှင်ကြား မင်းသားလေး လှည့်လည်မယ်လို့ ကြေငြာမထားစေပါနဲ့ မိမိတစ်ဦးတည်းပဲ သာမာန် အ၀တ်အစားဝတ်ကာ သာမာန်အရပ်သားတစ်ယောက်လို ၀တ်ဆင်ပြီး တစ်နေ့တာရဲ့ လုပ်ငန်းအားလုံးကို တွေ့မြင်သိရှိနိုင်ရန်အတွက် လှည့်လည်ချင်ပါတယ်လို့ ခွင့်တောင်းထားလိုက်ပါတယ်။
တကယ်တော့ ခမည်းတော် မင်းကြီးက သားတော်ကို နောက်တစ်ခေါက် လှည်လည်ကြည့်ရှုဖို့အတွက် ခွင့်ပြုချက် မပေးချင်ပါဘူး။ ဘုရင့်သားတော်တွေ၊ လူချမ်းသာသားသမီးတွေလို မဟုတ်ဘဲ ဘ၀စားဝတ်နေရေးအတွက် တစ်နေ့တာ လှုပ်ရှားရုန်ကန် လုပ်ကိုင်စားသောက်နေရလို့ ချွေးသံရွှဲရွှဲနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်နေတဲ့ သာမာန်လူတန်းစားများကို တွေ့မြင်မိသွားမှာကို စိုးရိမ်နေတုန်းပါပဲ။ ပညာရှိတို့ရဲ့ နိမိတ်ဖတ်ထားခြင်းတွေဟာ တကယ်မှန်ကန်လာမှာကိုလည်း စိုးရိမ်ပူပန်နေတယ်ပေါ့။
ဒါပေမယ့်လည်း သားကို ချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေ ကရုဏာတွေက နောက်ဆုံးမှာတော့ သားတော်ရဲ့ တောင်းဆိုခွင့်ပြုချက်ကို လက်ခံပေးဖို့ ခွင့်ပြုပေးဖိုအတွက် ဘုရင်သုဒ္ဓေါဓနကို တွန်းအားပေးလိုက်တာပါပဲ။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ “သာယာဖွယ်မကောင်းတဲ့ မြင်ကွင်းတွေ၊ နှစ်လိုဖွယ် မကောင်းတဲ့ အိုမင်းရင့်ရော်နေသူတွေ၊ နားမကျန်းသူတွေနဲ့ နောက်တစ်ကြိမ် င့ါသားတော်မင်းသားလေး ထိပ်တိုက်ရင်ဆိုင်ကာ မတွေ့မိပါစေနဲ့”လို့ ကြိတ်ပြီးဆုတောင်းနေမိပါတယ်။
ဖခင်ရဲ့ ခွင့်ပြုချက်ရတယ်ဆိုရင်ပဲ သိဒ္ဓတ္ထမင်းသားလေးဟာ အမျိုးမြင့်မြတ်သော လူချမ်းသာကနေ ဆင်းသက်လာတဲ့ လူငယ်လေးတစ်ယောက်လို ၀တ်ဆားဆင်ယင်ပြီး နောက်ပါအဖော်အဖြစ် ဆန္နတစ်ယောက်ကို ခေါ်ဆောင်ကာ တိုင်းပြည်ရဲ့ လမ်းမအတိုင်း ခြေလျင်လျောက်လာခဲ့ပါတယ်။ ဆန္နကိုလည်း လူအများ မမှတ်မိအောင် ၀တ်စားဆင်ယင်စေခိုင်းထားပါတယ်။ သိဒ္ဓတ္ထမင်းသားလေး အနေနဲ့ လွပ်လပ်စွာနဲ အေးအေးဆေးဆေး လေ့လာကြည့်ရှုချင်တာကြောင့် အခုလို ၀တ်စားကာရုပ်ဖျက်လာတာပါ။
သိဒ္ဓတ္ထမင်းသားလေးအတွက် ပထမဆုံးအနေနဲ့ ကပိလ၀တ္ထုတိုင်းပြည်မှာ နေထိုင်ကြတဲ့ သာမာန်လူတန်းစားတို့ရဲ့ အမျိုးမျိုးသော အလုပ်အကိုင် ဘ၀နေထိုင်နည်းတွေကို တွေ့မြင်ခဲ့ရတာပါပဲ။ အချို့သော ပန်းပဲသမားများက သန်ရည်ပှုများကို အရည်ကျိုချက်ကာ တူများနဲ့ ထုရိုက်ပြီး တံစဉ်တို့၊ သံတူရွှင်းတို့၊ ဓားများ၊ လှည်းဘီးများ စသည်များဖြစ်လာအောင် ပြုလုပ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ များသောအားဖြင့် ကပိလ၀တ္တုတိုင်းပြည်သူများရဲ့ အဓိက လုပ်ငန်းကတော့ စာရေးသူတို့ မြန်မာနိုင်ငံလိုပဲ an Agricultural country စိုက်ပျိုးရေးကို အလေးပေးလုပ်ကိုင် စားသောက်နေကြတဲ့ နိုင်ငံတစ်ခုမို့လား။ ဒါကြောင့်လည်းပဲ စိုက်ပျိုးရေးလုပ်ဆောင်ရာမှာ အသုံးဝင်မယ့် အသုံးပြုမယ့် အရာများကို လုပ်ကိုင်နေကြတာကို တွေ့မြင်ခဲ့တာပါ။
တိုင်းပြည်ရဲ့ လမ်းမတစ်လျောက်မှာလည်း ချမ်းသာကြွယ်ဝသူများ ဖွင့်လှစ်ရောင်းချနေတဲ့ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ supermarkets စသည်များနဲ့ အမျိုးသမီးများအတွက် လှပတဲ့ အ၀တ်တန်ဆာများ၊ လက်ဝတ်ရတနာများ လုပ်ကိုင်ရောင်းချနေကြတဲ့ လက်မှုပညာသည်များစွာကိုလည်း တွေ့မြင်ပါတယ်။ နောက်ပြီး လှပတဲ့ အ၀တ်အစားတွေ အလှအပ အရောင်အမျိုးစုံများနဲ လှပအောင် ဆေးရောင်ခြယ်တဲ့ ဆိုင်များကိုလည်း မြင်တွေ့ပါတယ်။ သိပ်ကိုစည်းကား လှပတဲ့ မြင်ကွင်းလေးတွေပါပဲ။ ဒီမြင်ကွင်းလေးတွေကြောင့် သိဒ္ဓတ္ထမင်းသားလေးဟာ သာမာန်လူတန်းစားများ အမျိုးမျိုးသော အလုပ်အကိုင်များကို တွေ့မြင်ရတာကြောင့် အတိုင်းမသိ ကျေနပ်ဝမ်းမြောက်နေတာတော့ အမှန်ပါ။
သိဒ္ဓတ္ထမင်းသားလေးရဲ့ ကျေနပ်ဝမ်းမြောက်မှု့ဟာ တာရှည်မတည်မြဲလိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရုပ်ဆိုးအကျည်းတန်တဲ့ အရာမြင်ကွင်းတစ်ခုကို မကြာခင်တွေ့မြင်လိုက်ရလို့ပါပဲ။ သိဒ္ဓတ္ထမင်းသားလေး ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး တက်တက်ကြွကြွ လျောက်လှမ်းလာစဉ်မှာပဲ ရုတ်တရက် မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်ရဲ့ အကူအညီကို တောင်းခံမျှော်လင့်နေတဲ့ လူတစ်ယောက်ရဲ့ ညည်းတွားသံကို လမ်းဘေးတစ်နေရာကနေ ကြားလိုက်ပါတယ်။
သနားခြင်း ကရုဏာတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသားလေးဟာ ကူညီပေးဖို့အတွက် အသံကြားရာကို ရုတ်တရက် ချဉ်းကပ်ပြီး ညည်းတွားသံ လာရာအရပ်ကို ရှာဖွေလိုက်တော့ မြေပေါ်မှာ လဲလျောင်းနေတဲ့ အားအင်ချိနဲ့နေတဲ့ လူတစ်ယောက်ကို တွေ့မြင်လိုက်ပါတယ်။
ထိုလူရဲ့ ကိုယ်ဟာ တွန့်လိမ်ခေါက်ကွေးနေပါတယ်။ မျက်နှာရော ခန္ဓာကိုယ်တစ်ခုလုံးမှာ အသွေးအသားရောင်မရှိ မည်းညစ် ခြောက်ကပ်နေပါတယ်။ မြင်လိုက်ရုံနဲ့တင် ပျို့အန်စေလောက်အောင်ကို ဖြစ်နေတဲ့ လူနာတစ်ယောက်နေပါပဲ။ အကြိမ်ကြိမ်အခါခါ မြေပေါ်မှ ထဖို့ အားကုန်ထုတ် ကြိုးစားနေပါသော်လည်း ရပ်တည်ဖို့တောင် အားအင်မရှိဖြစ်နေတာကြောင့် ဘယ်လောက်ထဖိုကြိုးစားကြိုးစား မအောင်မြင်ပါဘူး။ ဝေဒနာကလည်း တော်တော်လေးကို နှိပ်စက်နေပါတယ်။
သနားတတ်တဲ့ မင်းသားလေးဟာ ထိုသူကိုမြင်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းပြေးသွားပြီး ထူမလိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ဒူးပေါ်မှာ ထိုသူရဲ့ ဦးခေါင်းလေးကို ဝေဒနာခံစားနေရာမှာ သက်တောင့်သက်သာဖြစ်အောင် တင်ထားလိုက်ပြီးတော့ အမောင် ဘာကြောင့် နာကျင်မှု့ကို ခံစားညည်းတွားနေရတာလဲ၊ ဘာကြောင့် အမောင်မတ်တပ်မရပ်နိုင်ရတာလဲ လို့ မေးလိုက်ပါတယ်။ လူနာဟာ သူခံစားနေရတဲ့ ဝေဒနာကို ပြောပြဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် စကားလေးတစ်ခွန်းတစ်လေတောင် ဖြစ်ပေါ်လာဖို့ သူမှာ အားအင်မရှိတာကြောင့် မပြောနိုင်ပါဘူး။ ဆန္နလည်းပဲ ရုတ်တရက်မင်းသားလေးနောက်ကို လိုက်ပါသွားပါတယ်။ သိဒ္ဓတ္ထမင်းသားလေးက ဆန္နကို “ဆန္န ဒီလူရဲ့ အခြေအနေကို င့ါကို ပြောစမ်းပါ၊ ဘာဖြစ်နေတာလဲ၊ သူအသက်ရှုနေတာကိုလည်း သင်ကြည့်စမ်းပါဦး မောပန်းနေလိုက်တာ ပြီးတော့ ငါမေးတာကိုလည်း သူဘာကြောင့် မဖြေတာလဲ”လို့ မေးလိုက်ပါတယ်။
ဆန္နက ရုတ်တရက် ထိတ်လန့်ကာ စိုးရိမ်ပြီး ထအော်လိုက်ပါတယ်။ "အရှင်မင်းသား အဲဒီလူကို မထိပါနဲ့၊ သူဟာ ဖျားနာနေတဲ့ လူတစ်ယောက်ပါ၊ သူရဲ့အသွေးအသားထဲမှာ အဆိပ်တွေ စီးဆင်းနေပါတယ်။ နောက်ပြီး သူ့ကို အဲဒီအဆိပ်တွေက သူရင်ထဲမှာ လောင်ကျွမ်းနေတာကြောင့် သူ အသက်ရှုဖို့ ခက်ခဲနေတာပါ။ နောက်ဆုံးမှာတော့ သူဟာ အဲဒီအဆိပ်တွေကြောင့်ပဲ အသက်ရှုခြင်း ရပ်တန့်သွားပါလိမ့်မယ် အရှင် မင်းသား။" ( လူနာခံစားနေရတဲ့ ရောဂါဟာ အခုခေတ် စကားနဲဆိုရင် ပုလိပ်ရောဂါ Plague လို့ဆိုနိုင်ပါတယ်။
ဒီတော့ မင်းသားလေးက ဆန္နကို “ဒီလို နာကျင်တဲ့ဝေဒနာတွေဟာ လူသားတိုင်းကို ဖြစ်မှာလား။ ငါကိုယ်တိုင်လည်း တစ်နေ့မှာ ဒီလို နာကျင်တဲ့ ဝေဒနာတွေကို ကိုယ်တိုင် ခံစားရမှာလား။” လို့ မေးလိုက်တော့……..။
“အရှင်မင်းသား ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူရဲ့ အနီးအနားကို ကပ်ရောက်နေမယ်ဆိုရင် သူလိုပဲ နာကျင်မှုကို ခံစားရမှာပါ။ အရှင်မင်းသား တောင်းပန်ပါတယ်…. အဲဒီလူကို မထိပါနဲ့ အောက်ကို မြန်မြန်ပြန်ချထားလိုက်ပါ အရှင်သား၊ သူဆီက အဆိပ်ဓာတ်တွေ အရှင်မင်းသားဆီကို ကူးစက်လာပါလိမ့်မယ် အဲဒီအခါကျရင် အရှင်မင်းသားလည်း သူ့လိုပဲ ဖြစ်လိမ့်မယ်။
ဆန္န ဒီလိုနာကျင်ခံစားရတဲ့ အနာမျိုးထက် ပိုပြီးဆိုးရွားပြင်းထန်တဲ့ တစ်ခြား ရောဂါဝေဒနာများ ရှိသေးသလား။
ရှိပါတယ်…….။ အရှင်မင်းသား တစ်ခြားတစ်ခြားသော ရောဂါဝေဒနာများဟာလည်း ဒီလိုပဲ တူညီတဲ့ နာကျင်ခံစားမှုမျိုးရှိပါတယ်။
ဒီရောဂါဝေဒနာတွေကို မဖြစ်ပေါ်အောင်၊ သက်သာအောင် ကယ်တင်တဲ့သူ တစ်ဦးတစ်ယောက်မျှမရှိဘူးလား ဆန္န…….။
ဒီရောဂါမျိုးဟာ အမြဲလိုလို ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့်လို့ တစ်စုံတစ်ယောက်ကမျှ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ ဖျားနာလာမယ်ဆိုတာ မသိနိုင်ပါဘူး။ ဖျားနာခြင်းဆိုတဲ့ နာခြင်းတရားဟာ နေရာတိုင်း အချိန်တိုင်းမှာ မည်သူမဆီကိုမဆို ကျရောက်နှိပ်စက်လာနိုင်ပါတယ် အရှင်မင်းသား။
ဒါတကယ်လား ဆန္န၊ ငါကိုယ်တိုင်ရော င့ါရဲ့ ဖခင်၊ ငါ့ရဲ့ ကြင်သူသက်ထား ယသော်မှာတိုမှာရော နောက်ပြီး င့ါရဲ့ ဆွေမျိုးအားလုံးကိုရော၊ လူသားတိုင်းမှာရောပါ နာခြင်းတရားဟာ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရောက်လာမယ်ဆိုတာ အမှန်ပဲလား….။
မှန်ပါတယ် အရှင်သား၊ ကျွန်တော်မျိုးရော အရှင်မင်းသားရော တစ်နေနေတစ်ချိန်ချိန်မှာ နာခြင်းတရားဟာ ကျရောက်လာမှာပါ၊ ရင်ဆိုင်တွေကြုံပြီး မလွဲမသွေ ခံစားရမှာပါ အရှင်မင်းသား။”
ဒီအဖြစ်အပျက်နဲ့ ဒီစကားကို တွေ့မြင် ကြားသိလိုက်ချိန်မှာတော့ အစောက ကျေနပ်ပျော်ရွှင်မှုတွေဟာ သိဒ္ဓတ္ထမင်းသားလေးရဲ့ ရင်ထဲမှာ ထာဝရပျောက်ကွယ် သွားပါတော့တယ်။ သူ သိပ်ကို ၀မ်းနည်းသွားရပါတယ်။ နောက်ပြီး ဒီနာခြင်းတရားဆိုတာကို လေးလေးနက်နက် စဉ်းစားဖို့အတွက် ဆန္နကို နန်းတော်ပြန်ဖို့ အသိပေးပြီး လှည့်ပြန်ခဲ့ကြပါတော့တယ်။
ဆန္နရဲ့ အဖြေစကား ကြားလိုက်ရကတည်းက နန်းတော်ထက်က သလွန်တော်ရောက်သည့်တိုင်အောင် သိဒ္ဓတ္ထမင်းသားလေးဟာ မပျော်ရွှင်ပါဘူး။ နောက်ပြီး လေးလေးနက်နက် စဉ်းစားမိလိုက်တယ်။
"ဗျာဒိပိ ဒုက္ခော-ဖျားနာခြင်းဟာလည်း ဆင်းရဲခြင်း တစ်ခုပါပဲလား။ ဒီဆင်းရဲခြင်းကို မဖြစ်ပေါ်လာအောင် ဘယ်သူမှ မလုပ်ပေးနိုင်ဘူးလား။ ဒီဆင်းရဲခြင်းဆိုတဲ့ တရား ဘာကြောင့်ဖြစ်ပေါ်လာတာလဲ၊ သူ့မှာ ဖြစ်ပေါ်လာခြင်းဆိုတဲ့ အကြောင်းတရားရှိရင် ဆင်းရဲခြင်းကို အဆုံးသတ်ပေးနိုင်တဲ့ နည်းလမ်းတော့ ရှိကိုရှိမှာပဲ၊ ငါနဲ့ ငါ့ရဲ့ ဆွေမျိုးများနဲ့အတူ သတ္တ၀ါတွေကို ဒီဆင်းရဲခြင်းတရားမှ လွတ်မြောက်စေမယ့် လမ်းစဉ်ကိုရှာဖွေပြီး ခေါ်ဆောင်သွားမယ်…..ဆိုပြီး ကြီးမားတဲ့ ကရုဏာနဲ့အတူ ခိုင်မာတဲ့ သန္နိဌာန် ချလိုက်ပါတယ်။"
သြော်……..မြင့်မြတ်တဲ့ အလောင်းတော်များဟာ မြင့်မြတ်တဲ့ စိတ်ထားများနဲ့ စစ်မှန်သော ချမ်းသာအစစ်ကို လောကသားတို့အတွက် ရှာဖွေ ပေးဆပ်နေကြပါလား………။
ငါလည်းပဲ မြင့်မြတ်တဲ့ အလောင်းတော်များရဲ့ စိတ်ထားမျိုးကို လောကသားတို့အပေါ် ထားနိုင်ဖို့ ကြိုးစားသင့်တာပေါ့…..လို့ တကယ်လို့များ တွေးမိပြီး လုပ်ဆောင်လိုက်မယ်ဆိုရင် လောကလူသားတွေရဲ့ တန်ဖိုးရှိတဲ့ လူပီသတဲ့ လူတစ်ယောက်ဖြစ်ပြီး အနှိုင်းမဲ့ ကျေးဇှုးရှင် တစ်ယောက် စာချစ်သူ မှတ်တမ်းပြုခံရမှာ သေချာပါတယ်။

No comments:

Post a Comment