Saturday 27 April 2013

မဟာဗုဒ္ဓ၀င်အကျဉ်း (၁၆)


“အာဠာရနှင့် ဥကဒတို့ထံ နည်းနာခံ”
အလောင်းတော် သိဒ္ဓတ္ထသည် ဘုရင်ဗိဗ္ဗိသာရနှင့် တွေ့ဆုံပြီး ကတိက၀တ်ပြုခဲ့ပြီးနောက် ထိုရာဇဂြိုဟ်ပြည်မှ သစ္စာတရားကို ရှာဖွေဖို့အတွက် ထွက်ခွာတော်မူခဲ့ပါတယ်။ အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကိုစွန့်ခွာကာ တောထွက်သွားတယ်ဆိုတဲ့ သတင်းစကားကို ကြားမိတဲ့ လောကသုံးပါးတွင် သဗ္ဗညုဘုရားစင်စစ်ဧကန်ဖြစ်မည် လို့ ရဲရဲတောက်တောက် နိမိတ်ဖတ်ကြားခဲ့တဲ့ ကောဏ္ဍညသည်လည်းသူ၏ သူငယ်ချင်းများဖြစ် သူနဲ့အတူနိမိတ်ဖတ်ကြားကြတဲ့ ပုဏ္ဏားများ၏ သားများလည်းဖြစ်ကြတဲ့ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ တို့နဲ့အတူ အ၀ါရောင်သင်္ကန်းဝတ်ဆင်မြန်းပြီး အလောင်းတော် ဘုရားဖြစ်က တရားဦးတရားမြတ်ကို နာကြားရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ တောထွက်ခဲ့ကြပါတယ်။
အလောင်းတော် သိဒ္ဓတ္ထသည် ပဏ္ဍ၀တောင်မှ ထွက်ခွာခဲ့ပြီး ဘဂ၀ အမည်ရှိတဲ့ရသေ့ထံ ရောက်ပြီး ထိုဘဂ၀၏ ကျင့်စဉ်ကို ဦးစွာနည်းခံကျင့်ကြံခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ထိုကျင့်စဉ်အားလုံးကိုနားလည်သဘောပေါက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုနည်းလမ်းဟာ သေခြင်းကင်းရာ နိဗ္ဗာန်ကို တွေ့မြင်ဖို့အတွက်အကျိုးမပြုနိုင်မှန်းသိတာကြောင့် ထွက်ခွာခဲ့ပါတယ်။ အဲဒီအချိန်အခါတုန်းက ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဌပုတ္တ၊ နိကဏ္ဍနာဋပုတ္တ အမည်ရှိတဲ့ မိမိကိုယ်ကိုယ် ဘုရားလို့အမည်ခံ ကောလာဟလများလွှင့်ထူကာ ကျင့်ကြံအားထုတ်နေကြတဲ့ တိတ္ထိဆရာကြီးခြောက်ယောက်လည်းရှိပါတယ်။
တစ်ခြားတစ်ခြားသော ဘာသာရေးခေါင်းဆောင်ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ဒါပေမယ့်လို့လည်း အာဠာရကာလာမရသေ့ကြီးဟာ သူ့ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့ နာမည်ကျော်ကြား လူအများလေးစားခြင်းကို ခံရတဲ့ ရသေ့ကြီးတစ်ပါးပါ။ အလောင်းတော် သိဒ္ဓတ္ထလည်း ထိုကာလာမရသေ့ကြီးရှိရာအရပ်ကို နည်းနာခံဖို့အတွက် ကောဏ္ဍည၊၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ တို့နဲ့အတူ ထွက်ခွာခဲ့ပါတယ်။ အလောင်းတော် သိဒ္ဓတ္ထဟာ ကာလာမရသေ့ကြီး သင်ပြတဲ့နည်းများကို လေးလေးနက်နက်နဲ့ ကြိုးကြိုးစားစားသင်ယူလေ့လာပါတယ်။ တစ်ခဏအတွင်းမှာပဲ အားလုံးသိနားလည်သွားပါတယ်။ ဒီအာဠာရကာလာမရသေ့ကြီးထံမှ အလောင်းတော် သိဒ္ဓတ္ထသည် လောကီသမာပတ် ခုနှစ်ပါးကို ရရှိခဲ့ပါတယ်။ အလောင်းတော် သိဒ္ဓတ္ထဟာ ဆရာသဘောကျတဲ့ လိမ္မာတဲ့တပည့်တစ်ယောက်ပါပဲ။ နောက်ဆုံးတော့ ကာလာမရသေ့ကြိး ဘုရားအလောင်းသိဒ္ဓတ္ထကို ထိထက်ပိုပြီး မသင်ပြနိုင်တော့ပါဘူး၊ သင်ပြစရာမရှိတော့ပါဘူး။ ဒီတော့…………….
အာဠာရကာလာမ။ ။ “ငါ့ရှင့်…….သင်ဟာ အခု ငါသိသလို အားလုံးကို သိသူဖြစ်တယ်။ အခု င့ါရှင်နဲ့ ငါ့တိုကြားမှာ ဘာမှခြားနားမှု့မရှိတော့ဘူး။ လာပါ ငါနှင့်အတူနေပါ၊ င့ါနေရာကို ဆက်ခံပြီးတော့ ဒီတပည့်များကို ၀ိုင်းကူသင်ပြပါ။“
အလောင်းတော် သိဒ္ဓတ္ထ။ ။ “ဆရာ…..ဆရာ့မှာ တစ်ခြား ကျွန်ုပ်ကို သင်ပြစရာမရှိတော့ဘူးလား။ အိုခြင်းရာ၊ နာခြင်းကင်းရာ၊ သေခြင်းကင်းရာမှ လွတ်မြောက်တဲ့ လမ်းစဉ်ကို ကျွန်ုပ်ကို သင်ပြမပေးနိုင်ဘူးလား။”
အာဠာရကာလာမ။ ။ “ဒီအိုခြင်း၊ နာခြင်း၊ သေခြင်းများက လွတ်မြောက်ရာလမ်းကို သင့်အား မသင်ပြနိုင်ပါဘူး င့ါအရှင်………ဘာကြောင့်လဲဆိုတော့ ဒီလမ်းစဉ်ကို ငါကိုယ်တိုင်လည်း မသိရှိသေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒီ အိုခြင်းကင်းရာ၊ နာခြင်းကင်းရာ၊ သေခြင်းကင်းရာ လမ်းစဉ်ကိုလည်း လောကမှာ ဘယ်သူမှ ရှာဖွေမတွေ့ရှိသေးသလို သိလည်းမသိကြသေးပါဘူး။”
အလောင်းတော် သိဒ္ဓတ္ထဟာ သူရှာဖွေနေတဲ့ လမ်းစဉ်ကို မပြောနိုင်တာသိတာကြောင့်လည်းတစ်ကြောင်း ဒိလမ်းစဉ်ဟာလည်း သစ္စာတရားကို ရရှိကြောင်း နည်းမဟုတ်တာကြောင့်လည်းတစ်ကြောင်းကြောင့် ကာလာမရသေ့ထံမှ ထွက်ခွာခဲ့ပါတယ်။ နောက်ပြီးတော့ ကာလာမရသေ့ထက်ပိုပြီးတော့ နာမည်ကြီးလေးစားခြင်းကို ခံရတဲ့ ရာမ၏သားဖြစ်တဲ့ ဥဒကရာမပုတ္တရသေ့ကြီးထံ ထွက်ခဲ့ပြန်ပါတယ်။ ဥဒကရာမပုတ္တထံမှာလည်း အလောင်းတော် သိဒ္ဓတ္ထဟာ ကြိုးကြိုးစားစားနဲ လေ့လာပြန်ပါတယ်။ အချိန်တိုအတွင်းမှာပဲ အားလုံးကို နားလည်သိရှိသွားပါတော့တယ်။ သူ့ရဲ့ လေးလေးစားစားသင်ယူမှု့၊ ဉာဏ်ပညာကြီးမြတ်မှု့၊ ကြိုးစားအားထုတ်မှု့တွေကြောင့် ဥဒကရာမပုတ္တရသေ့ကြီးဟာ အလွန်ကို နှစ်သက်သဘောကျပါတယ်။ ဥဒကရာမပုတ္တထံမှ လောကီသမာပတ်ရှစ်ပါးကို အလောင်းတော် သိဒ္ဓတ္ထ ရရှိခဲ့ပါတယ်။ တကယ်တော့ အလောင်းတော် သိဒ္ဓတ္ထ ဥဒကရာမပုတ္တထံမရောက်စဉ်ချိန်က ဥဒကရာမပုတ္တရသေ့ကြီးဟာ သမာပတ်၏ နောက်ဆုံးအဆင့်ဖြစ်တဲ့ နေ၀သညာနာသညာယတနဈန်ကို သူကိုယ်တိုင်မရရှိသေးပါဘူး။ ဒါပေမယ့်လည်း သူ၏ဖခင်ဖြစ်တဲ့ ရာမရဲ့လမ်းစဉ်အတိုင်းလိုက်ပြီးတော့ အလောင်းတော် သိဒ္ဓတ္ထကို သင်ပြပြောကြားပေးပါတယ်။ တကယ်တမ်း အားထုတ်ကျတော့ အလောင်းတော် သိဒ္ဓတ္ထက နေ၀သညာနာသညာယတနဈာန်ကို အရင်ရပြီးတော့ ဥဒကရာမပုတ္တရသေ့ကြီးက နောက်မှရတာပါ။ ဥဒကရာမပုတ္တရသေ့ကြီးလည်း သစ္စာတရားကို ရရှိနိုင်တဲ့လမ်းစဉ်ကို မပြောပြနိုင်ခဲ့ပါဘူး။ ဒီလောကီဈာန်သမာပတ်ရှစ်ပါးကလွဲပြီးတော့လည်း သင်ပြပေးစရာမရှိတော့ပါဘူး။
လောကီဈာန်သမာပတ်ရှစ်ပါးကို ရရှိပြီးတဲ့နောက်မှာ သေချာသုံးသပ်ကြည့်ရှုလေတော့ ထိုလောကီဈာန်သမာပတ်ရှစ်ပါးဟာလည်း သူလိုချင်တဲ့ သစ္စာလေးပါးတရားမြတ်ကို ရရှိဖို့အကျိုးမပြုနိုင်ဘူးဆိုတာ သိလိုက်တော့ စွန့်လွှတ်ခဲ့ပြန်ပါတယ်။ နောက်တော့ အလောင်းတော် သိဒ္ဓတ္ထဟာ ဥဒကရာမပုတ္တထံမှ ထွက်ခွာခဲ့ပြီး မိမိရဲ့ကိုယ်ပိုင်လမ်းစဉ်အရ တစ်ကိုယ်တည်း သစ္စာလေးပါးကို တပအကျင့်ဖြင့်ကျင့်ကြံကာ ရှာဖွေအားထုတ်ခဲ့ပါတယ်။
အလောင်းတော် သိဒ္ဓတ္ထသည် ဆင်းရဲခြင်းများ ကုန်ဆုံးရာဖြစ်တဲ့ သစ္စာလေးပါးအမြတ်တရားကို လိုချင်သူဖြစ်ပါ၏။ ထိုဒုက္ခကင်းရာ သစ္စာလေးပါးလမ်းစဉ်ကို သတ္တ၀ါအများချမ်းသာခြင်းအကျိုးတရားများအတွက် ရှာဖွေခြင်းပင်ဖြစ်ပါ၏။ သြော်……….ကြီးမြတ်သူတို့စိတ်ထား ကြည်ညိုလေးစားထိုက်လှပေ၏။

No comments:

Post a Comment