Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်း(၅)"


“သိဒ္ဓတ္ထမင်းသား၏ ကြင်နာမှု့”


သိဒ္ဓတ္ထမင်းသားလေးဟာ လူသားချင်းအပေါ်စာနာ သနားကြင်နာတတ်ရုံတင်မကပါဘူး၊ သက်ရှိသတ္တ၀ါများဖြစ်တဲ့ တိရစ္ဆာန်များအပေါ်မှာလည်းပဲ စာနာတတ်တဲ့စိတ်၊ သနားကြင်နာတတ်တဲ့ စိတ်သဘောထားရှိပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ဘုရင့်သားတော်လေးဖြစ်တာကြောင့် စားမှု့၊ နေမှု့၊ သောက်မှု့ စသည့် အရာအားလုံးမှာ အခက်အခဲ ဆင်းရဲခြင်းကို မခံစားရပေမယ့် သူပျော်ရွှင်အောင် အလုပ်များကို ခက်ခဲကြမ်းတမ်းစွာလုပ်ကာ အသက်ရှင်ရပ်တည်နေကြရတဲ့ တိုင်းသူပြည်သားကိုအားလုံးကို အမြဲတမ်းတွေးပြီး သနားကြင်နာတတ်လေ့ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ သူပျော်ရွှင်စွာ နေနေရသလိုပဲ တိုင်းသူပြည်သားများကို ပျော်ရွှင် ချမ်းသာအောင်လုပ်ပေးဖို့အတွက် ဆန္ဒရှိစွာ လုပ်ပေးချင်ခဲ့တာပါ။
သိဒ္ဓတ္ထမင်းသားလေး အသက်ရှစ်နှစ်မှာပဲ သူ့ရဲ့ သဘာဝအားဖြင့် သနားကြင်နာတတ်တဲ့ ကိုယ်ကျင့်တရား စိတ်နေသဘောထားးကိုစပြီး ပြသခဲ့တာပါ။ နန်းတော်မှာပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သတ္တ၀ါများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ဟူသမျှကို ရှောင်ကြဉ်ခဲ့ပါတယ်။ ဒါပေမယ့် သတ္တ၀ါများရဲ့ ဆင်းရဲဒုက္ခများမှ ကင်းလွတ်အောင် ကူညီရိုင်းပင်းလေ့ရှိပါတယ်။ တစ်နေ့ သူ့ရဲ့လုပ်ကျွေးဖော်ဖြစ်တဲ့ သူတစ်ယောက်ဟာ မြွေတစ်ကောင်ကို ရိုက်နေတာကို တွေ့မြင်ပြီး မရိုက်သတ်ဖို့ပြောကြား တားမြစ်ခဲ့ပြီး နောက်နောင် ဒီလို သတ္တ၀ါများကို မညှင်းဆဲ မသတ်ဖြတ်ဖို အလေးအနက်တိုက်တွန်းလိုက်ပါတယ်။
တစ်ခုသောနေ့မှာ သိဒ္ဓတ္ထမင်းသားလေးဟာ သူ့ရဲ့အပေါင်းအဖော် လူငယ်လေးများနဲ့အတူ နန်းတော်ထဲက ဥယျာဉ်တော်ထဲမှာ ကစားနေပါတယ်။ ထိုသူ့ရဲ့ အပေါင်းအဖော် လူငယ်လေးများအထဲမှ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်တဲ့ ကိုယ်ကျင့်စရိုက်အားဖြင့် သိဒ္ဓတ္ထမင်းသားလေးနဲ့ ရေနဲ့ မီးအလား လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ လေးနဲ့ မြှားကိုဆောင်ယူထားတဲ့ ဒေ၀ဒတ္တမင်သားလည်းပါပါတယ်။ သိဒ္ဓတ္ထမင်းသားလေးရဲ့ နှလုံးသားမှာ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရားများနဲ့ ထာဝရပြည့်နေတတ်ပြီး ယဉ်ကျေး၊လိမ်မာသနားခြင်းတွေနဲပါ။ သတ္တ၀ါများကို ဖိနှိပ်ချူပ်ချယ် သတ်ဖြတ်ညှင်းဆဲခြင်းအမှု့ ပြုမှုတတ်လေ့အလျဉ်းမရှိပေမယ့် ဖိနှိပ်ချူပ်ချယ် သတ်ဖြတ်ညှင်းဆဲခြင်းအမှု့များကနေ လွတ်မြောက်အောင် ကူညီလေ့အမြဲရှိပါတယ်။ ဒေ၀ဒတ္တမင်းသားကတော့ မနာလိုဝန်တိုတတ်လေ့ရှိပြီး ညှင်းဆဲသတ်ဖြတ်ခြင်း ပြုလုပ်ရမှာကို သိပ်ကိုကြိုက်ပါတယ်။ ၀ါသနာထုံပါတယ်။
အပေါင်းအဖော်များနဲ့ နန်းတော်ဥယျာဉ်တော်ထဲမှာ ပြေးလွှားကစားနေစဉ်မှာပဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငန်းလေးတစ်ကောင်ကို ဒေ၀ဒတ်မင်းသားလေးမြင်တွေ့လိုက်စဉ်မှာပဲ သူ့ရဲ့ လေးနဲ့ ငန်းလေးကို ပစ်ချလိုက်ပါတယ်။ ဒေ၀ဒတ္တမင်းသားလေးရဲ့ မြှားဒဏ်ကြောင့် ကျလာတဲ့ ငန်းလေးကို သိဒ္ဓတ္ထမင်းသားလေးနဲ့အတူ ဒေ၀ဒတ္တမင်းသားလေးဟာ ပြေးကောက်ကြပါတယ်။ ဒါပေမယ့် သိဒ္ဓတ္ထမင်းသားလေးက ဒေ၀ဒတ္တမင်းသားလေးထက် ပိုပြီး လျှင်မြန်စွာပြေးနိုင်တဲ့အတွက်ကြောင့် ငန်းလေးကို သိဒ္ဓတ္ထမင်းသားလေးရလိုက်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ငန်းဘဲလေး အသက်မသေဘဲ ရှင်သန်နေသေးတာကို သိပြီး ငန်းလေးရဲ့ တောင်ပံမှာ စိုက်ဝင်နေတဲ့ မြှားတံလေးကို ဆွဲနှုတ်ပြီး အနီးရှိ ဆေးဘက်ဝင်တဲ့ သစ်ပင်တစ်ပင်မှာရှိတဲ့ သစ်ရွက်ကိုခှုးပြီး အရည်များကိုသုတ်လိမ်းပေးပြီး သူ့ရဲ့နှုးညံ့တဲ့လက်ကလေးနဲ့အတူ သွေးထွက်တိတ်အောင် ဒဏ်ရာကြောင့် နာကျင်စွာခံစားနေရပြီး ကြောက်လန့်နေတဲ့ ငန်းလေးကို ပွတ်သတ်ပေးလိုက်ပါတယ်။ ဒေ၀ဒတ္တမင်းသားလေးက ငန်းလေးကို လာတောင်းတော့ သိဒ္ဓတ္ထမင်းသားလေးက ငန်းလေးကို ပေးဖို့ ငြင်းဆန်ပါတယ်။ ဒီတော့ ဒေ၀ဒတ္တမင်းသားလေးက သူပစ်ချလိုက်တဲ့ ငန်းလေးကို သိဒ္ဓတ္ထမင်းသားလေးက မပေးတော့ သိပ်ကိုစိတ်ဆိုးဒေါသထွက်သွားပါတယ်။
“ငါ့ရဲ့ ငန်းငှက်ကို ပေးပါ၊ ဒီငန်းကို ငါပစ်ချလိုက်တာ”လို့ ဒေ၀ဒတ္တမင်းသားလေးက တောင်းတော့ သိဒ္ဓတ္ထမင်းသားလေးက “မပေးဘူး။ ငါမင်းကို ဒီငန်းလေးကို ပေးမှာ မဟုတ်ဘူး၊ တကယ်လို့ မင်းက ဒီငန်းလေးကို သေအောင်သတ်ခဲ့ရင် မင်းပိုင်နိုင်ပါတယ်။ ဒါပေမယ့် အခု ဒီငန်းလေးဟာ မြှားမှန်ပြီး နာကျင်စွာနဲ့ အသက်ရှင်နေသေးတဲ့အတွက် ငါပိုင်တယ် ဘာကြောင့်လဲဆိုတော့ ငါဟာ သူ့ရဲ့ အသက်ကို ကယ်လိုက်တဲ့အတွက်ပဲ”လို့ သိဒ္ဓတ္ထမင်းသားလေးက ပြောပါတယ်။
(မင်း….ငါ….လို့သုံးလိုက်ရတာကတော့ ခေတ်သုံးစကားနဲ့ နားလည်အောင် စာရေးသူသုံးလိုက်တာပါ။ ဒီလို သုံးလိုက်လို့ သိဒ္ဓတ္ထမင်းသားလေးရဲ့ လိမ်မာယဉ်ကျေးတယ်လို့ အထက်က ဆိုခဲ့တဲ့စကားလေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဟု မမြင်စေလိုပါ။)
ဒေ၀ဒတ္တမင်းသားလေးဟာ သိပ်ကို ဒေါသထွက်သွားပါတယ်။ ဒီတော့ သိဒ္ဓတ္ထမင်းသားလေးက “ဒါဆိုရင် ဒီငန်းလေးကို အမှန်တကယ် ဘယ်သူပိုင်သလဲဆိုတာကို သိဖို့ ငါတို့ ခုရုံးကိုသွားပြီး ပညာရှိများကို သွားပြီးမေးမယ်”လို့ အကြံပြုပါတယ်။ ဒေ၀ဒတ္တမင်းသားလေးက ဒါကို သဘောတူလိုက်ပါတယ်။
ဒီလိုနဲ့ နှစ်ယောက်သား ခုရုံးကိုသွားပြီး သူတို့နှစ်ယောက်ရဲ့ ပြဿနာကိုပြောပြကြတယ်။ ပညာရှိများဟာ ကွဲပြားတဲ့အဖြေစကားကိုပြောကြပါတယ်။ တစ်ချို့ပညာရှိတွေက ငန်းလေးကို ကိုယ်တိုင် မြေသို့ကျအောင်ပစ်ချလိုက်တဲ့ ဒေ၀ဒတ္တမင်းသားလေးပဲ ပိုင်ဆိုင်သင့်တယ်လို့ ဆိုပါတယ်။ တစ်ချို့ပညာရှိတွေက သိဒ္ဓတ္ထမင်းသားလေးဟာ ငန်းဘဲလေးရဲ့ အသက်ကို ကယ်တင်လိုက်တဲ့အတွက် သိဒ္ဓတ္ထမင်းသားလေးသာ ပိုင်ဆိုင်သင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပညာရှိတွေက သူတို့အမြင် သူတို့ဆုံးဖြတ်ချက်ကို ပြောဆိုကြတာပါ။
နောက်ဆုံးမှာတော့ ငယ်ရွယ်ပြီး ပညာရှိတဲ့သူတစ်ယောက်ကထပြီး သြဇာအပြည့်နဲ့ ကျယ်လောင်စွာ ကြော်ငြာဆုံးဖြတ်လိုက်တာကတော့ “သတ္တ၀ါတိုင်းကို သူတို့ရဲ့ အသက်ကိုစောင့်ရှောက်ပေးတဲ့ ကာကွယ်ပေးတဲ့ လူတိုင်းသာလျှင် တကယ်စင်စစ် ပိုင်ပါတယ်၊ သတ်ဖြတ် ညှင်းဆဲတတ်တဲ့ သူများ မပိုင်ဆိုင်ပါဘူး။ တကယ်တော့ ဒီငန်းလေးရဲ့ အသက်ကို ဒဏ်ရာမှကုသပြီး ကယ်ဆယ်စောင့်ရှောက်ခဲ့တဲ့ သိဒ္ဓတ္ထမင်းသားလေးသာ ပိုင်ဆိုင်တယ်”လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
ပညာရှိရဲ့ သတ္တ၀ါတိုင်းကို စောက်ရှောက်ပြီး သူတို့ရဲ့အသက်ကို ကယ်တဲ့သူတိုင်းသာ ပိုင်ဆိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အားလုံကလက်ခံလိုက်ကြပြီး သူတို့ပြဿနာကို ပြီးဆုံးစေလိုက်ပါတယ်။ ဒီတော့ သိဒ္ဓတ္ထမင်းသားလေးဟာ ငန်းလေးကို အကောင်းဆုံး ဒဏ်ရာမှ လုံးဝသက်သာပျောက်ကင်းအောင် ကုသပေးပြီး သူ့ရဲ့အပေါင်းအသင်းများ မိဘများရှိတဲ့ တောထဲကိုအတူပျော်ရွှင်စွာနေဖို့အတွက် ပျံသန်းစေခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ဒေ၀ဒတ္တမင်းသားလေးဟာ သိဒ္ဓတ္ထမင်းသားလေးကို စတင်မုန်းတီးသွားပါတော့တယ်။
သိဒ္ဓတ္ထမင်းသားလေးဟာ အလွန်ကို သက်ရှိလူသားများနဲ့ သတ္တ၀ါအများအပေါ်မှာ ကြင်နာသနား ကူညီစောက်ရှောက်ခဲ့တာပါ။ ကြီးမားတဲ့ ကရုဏာတော်ရှင်တစ်ယောက်ပါပဲ။

No comments:

Post a Comment