၁။ရူပပ္ပမာဏ(ရူပပ္ပသန္န)-ရုပ်ရည်ရူပကာယ၊ဥပဓိရုပ်ကိုကြည်ညိုခြင်းတဲ့၊ လောကမှာရှိတဲ့သတ္တ၀ါတွေမှာ ရုပ်ရည် ကိုကြည်ညိုသူက ရာခိုင်နှုန်းအားဖြင့် အများဆုံးလို့ ဆိုပါတယ်။
၂။ ဃောသပ္ပမာဏ- နောက်သူ့ထက် နည်းတာကအသံကိုကြည်ညိုခြင်း၊ရုပ်ရည်ကိုအဓိကမထားပဲ အသံကောင်းတာ၊သာယာတာ၊ရှင်းလင်းတာ၊ ပြတ်သားတာစတာတွေကိုကြည်ညိုတာ ဖြစ်ပါတယ်၊ သူကတော့ ဒုတိယအများဆုံးပါတဲ့။
၃။လူခပ္ပမာဏကျတော့ကြည်ညိုသူပိုနည်းပါးသွားပါတယ်၊သင်္ကန်းနွမ်းနွမ်းပါးပါး၊အရောင်မွဲခြောက်ခြောက်ဝတ်ထားရင်လူတွေရဲ့စိတ်ကအထင်သေးတော့တာပါ၊ရဟန်းအချင်းချင်းလဲအထင်သေးတတ်တာတွေ့နေမြင်နေရပါတယ်၊ တောထွက်ရဟန်းကြီးလား၊ဘာလားညာလားပေါ့လေ။
ဒါပေမယ့် သူ့သန္တာန်မှာ ရှိနေတဲ့သီလ၊ သမာဓိ၊ ပညာအကျင့်တွေ ကိုတော့ ဘယ်လောက်ရှိတယ် ဆိုပြီး ကြည်ညို ရကောင်းမှန်း မသိကြပါဘူး။
နောက်ပြီး အစား အသောက်၊ နေရာ ထိုင်ခင်း ကျောင်းသင်္ကန်းချိုးခြံချွေတာတာ၊ ဆေးဝါးစတဲ့ ပစ္စည်းလေးပါးလုံးခြွေတာတာဟာသာသနာ တော်မှာတော့ဓုတင်ကျင့်တယ်လို့တွဲဖက်သုံးလေ့ရှိကြတယ်၊ အဲလို အကျင့်ခေါင်းပါးတာကို ကြည်ညိုရကောင်း မှန်းသိ သူ၊ ကြည်ညိုသူတွေက တတိယ အဆင့် ပိုမိုနည်းလှပါသတဲ့။
၎။ ဓမ္မပ္ပမာဏ- ဒီအဆင့်ကတော့ သိပ်နက်နဲတယ်လို့ ပြောလို့ရပါတယ်၊ ရုပ်ကိုလဲ မကြည်ညိုဘူး၊ အသံကိုလဲမကြည်ညိုဘူး၊အကျင့်ခေါင်းပါးတာကိုလဲအဓိကမထားဘူး၊ ဟောပြောလိုက်တဲ့တရားသားသက်သက်ကိုသာ နာကြားပြီး အကျိုးရှိတယ်၊ မှန်တယ်ဆိုရင် ကြည်ညိုတာမျိုးကို ခေါ်ပါတယ်။
ပိဋကတ်စာပေ၊ လောကီစာပေ၊ ဘာသာရေးအသိ၊ စာပေအသိတွေ နဲ့ သေချာသုံးသပ်ချိန်ညှိပြီး ကိုယ့်ဘာသာ အဖြေထုတ် ရတာမျိုးပါ၊ ဒါကြောင့်လဲ လူသားမှန်သမျှဟာ မိမိအသိဥာဏ်ဖြင့် မှန်သလား မှားသလား ဝေဖန်သုံးသပ်တတ်သူ ပညာရှိဆိုတာ သိပ်ရှားပါးကြောင်း နေရာတိုင်း မတွေ့နိုင်ကြောင်း မြတ်စွာဘုရား က ဟောတော်မူပါတယ်။
ဒီတော့အထက်ပါပုဂ္ဂိုလ်လေးမျိုးမှာကိုယ်ဟာဘယ်အဆင့်ထဲပါနေသလဲဆိုတာဆန်းစစ်ရမှာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်စွဲကြည်ညိုခြင်းအပြစ်လူတိုင်းလူတိုင်းမှာတော့ကိလေသာကုန်ခန်းအရိယာမဖြစ်ကြသေးသည့်အလျောက်အစွဲလေးတွေကိုယ်စီရှိတတ်ကြတယ်၊သက်မဲ့ပစ္စည်းအားလုံးထဲမှာကိုယ်နှစ်သက်ရာတစ်ခုခုကို ဖြစ်စေ၊ ၂ မျိုး ၃ မျိုးကို ဖြစ်စေစွဲလန်းတာမျိုး၊ သက်ရှိလူသားမှာလဲ တစ်စုံတယောက်ကို စွဲလမ်းတာမျိုးရှိတတ်ကြပါတယ်။
ပုထုဇဉ်တွေဆိုတော့အစွဲကမကင်းနိုင်ကြ သေးဘူး၊အဲဒီအစွဲနှင့်အတူကြည်ညိုခြင်းမှာလဲအစွဲကိုယ်စီရှိတတ်ကြပြန်တယ်၊ကြိုက်မိရင်စွဲတော့တာပါပဲ၊ရုပ်ရည်ကိုကြိုက်တယ်၊အသံကိုကြိုက်တယ်၊တရားသားကို ကြိုက်တယ် စသဖြင့်ပေါ့။
မြတ်စွာဗုဒ္ဓကတော့ပုဂ္ဂိုလ်စွဲကြည်ညိုမိလို့ရှိလျင်မမှားသင့်ပဲမှားတတ်တယ်လို့သတိပေးတော်မူထားတယ်၊ဥပမာကိုယ်ကြည်ညိုတဲ့ဆရာတော်တပါးကိုတရားအမှားတွေ ဟောနေတော့သံဃာ့အဖွဲ့အစည်းက၊ သံဃာ့နာယကအဖွဲ့က တားမြစ်ထားတယ်၊ ဆိုတဲ့သတင်းကြားတာနဲ့ နောက်ပါ ကြည်ညို သူဒကာဒကာမတွေပါ တို့ကြည်ညိုတဲ့ဆရာတော်ကိုမှ လုပ်ရသလား၊ ဒါသက်သက်နှိပ်ကွပ်တာ၊ ဘက်လိုက်တာစသည်ဖြင့် ဒေါသထွက်ကြ၊တန်ပြန်တုန့်ပြန်ကြ၊ ဝေဖန်ကြ၊ပုတ်ခတ်စွပ်စွဲကြနဲ့အကုသိုလ်တွေ စုံသွားတော့တယ်။
အဆိုပါ တရားတွေ မှားသလား မှန်သလားကိုတော့ ဘယ်သူမှ သုံးသပ်ဖို့ သတိမရကြတော့ဘူး ။ လူ့စိတ်ဆိုတာကလဲ အခက်သားကလား၊ မှားတာမှန်တာကို နောက်မှ စဉ်းစားမယ်၊ ကိုယ့်လူကိုပဲ နိုင်စေချင်တယ်၊ အနိုင်ရ-ရမယ်ပေါ့။
ဒီတော့ ကိုယ့်မှာလဲ အကုသိုလ်တွေတိုးလာတော့တယ်၊ ကုသလံ ပဋိစ္စ အကုသလံ ဥပ္ပဇ္ဇတိ- ကုသိုလ်ကိုအကြောင်းပြုပြီးအကုသိုလ်တွေ ဖြစ်တတ်ကြောင်းပဋ္ဌာန်းပါဠိတော်မှာ မြတ်ဘုရားက ဟောတော် မူပါတယ်။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ ကေသဉ္စိဥပနိဿယပစ္စယေန ပစ္စယောလို့ ဟောထားတာလဲအတူတူပါပဲ။ နောက်ဆုံးသိဉ္စည်းဆရာကြီးလိုသိသိကြီးနဲ့ဆက်မှားကြရင် သံသရာအတွက်ပါ လမ်းမှားရောက်သွားကြလိမ့်မယ်။
ဓမ္မ- တရားသားသက်သက်ကို ကြည်ညိုသူတို့မှာတော့ အမှား/အမှန်ကိုပဲ ကြည့်တတ်တာမို့ အကုသိုလ်မဖြစ်နိုင်ပါဘူး။
ဓမ္မ- တရားသားသက်သက်ကို ကြည်ညိုခြင်းကသာ အကောင်းဆုံးပါပဲ...။
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။ အရှင်မုနိန္ဒ(ပန်းထော်)by ပန်းကမ္ဘာ
No comments:
Post a Comment