ဝါတွင်းကာလတွေမှာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာယဉ်ကျေးမှု ၀ိနည်းတော်အရ ရဟန်းတော်တွေဟာ ၀ါဆိုဝါကပ်ကြရပါ တယ်။ သံဃာတော်အရှင်မြတ်တွေရဲ့ မြင့်မြတ်တဲ့ဒီဓလေ့ကိုအတုယူအားကျကာ ဗုဒ္ဓသာသနာဝင် ဥပါသကာ၊ ဥပါသိကာမ တွေကလည်း ၀ါတွင်းကာလမှာ ဥပုသ်သီလကို ဆောက် တည်ကျင့်သုံးကြပါတယ်။ဥပုသ်စောင့်သုံးမှုဟာ ဖြူစင်တဲ့ကိုယ်ကျင့်တရားနဲ့ မြင့်မြတ်တဲ့စိတ်ဓတ်ကို ခိုင်မာမြဲမြံစေတာမို့ လောက၊ ဓမ္မ နှစ်ဖက်လှတဲ့ အစဉ်အလာကောင်းတစ်ခုပဲဖြစ်ပါတယ်။ အလွန်တရာ မြတ်နိုးတန်ဖိုးထားတိုက်တဲ့ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။သီတင်းတစ်ပတ်လျှင်တစ်ရက်မျှဥပုသ်သီလ စောင့်သုံးရခြင်းဟာကိလေသာဒုစရိုက်အညစ်အကြေးတွေကြောင့်စွန်းထင်ညစ်ပေနေတဲ့ကိုယ်၊ နှုတ်၊ နှလုံး၊ကံ(၃)ပါးစလုံးကိုဖွပ်လျှော်သန့်ရှင်း ဖြူစင်စေခြင်း ဖြစ်သလို အကြောင်းညီ အကျိုးပေးကောင်းလို့ ခေတ္တခဏ ပိုင်ဆိုင်ခွင့် ရထားတဲ့ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်၊ ဥစ္စာအဖြာဖြာတို့ကြောင့် ငယ်ထိပ်ထိရောက် အောင် တက်နေတဲ့ လူ့ဘ၀ရဲ့ အဆိပ်အတောက်တွေကို နည်းနည်းစီ လျှော့ချဖြေဖျောက်နေခြင်းလည်းဖြစ်ပါတယ်။
မြွေပွေးသတ္တ၀ါဟာ အကောင်ငယ်ပေမည့် အဆိပ်ကြီးသလိုပဲ မရင့်ကျက်တဲ့သူတွေအတွက် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေဟာ ဘယ်လောက်ပဲ ငယ်နေပါစေ အဆိပ်တက်တတ်ပါတယ်။ အဲဒီ အဆိပ်တွေကြောင့် တချို့သူတွေဟာ သေလောက်အောင် ဒဏ်ရာတွေရကြပြီး တချို့သူတွေကတော့ သေသွားကြပါတယ်။ တကယ်တော့ လူ့ဘ၀၊ လူ့ချမ်းသာထဲမှာ အဆိပ်အတောက်တွေ ရောပါနေပါတယ်။ အဲဒီအဆိပ်အတောက်တွေကို ကုသိုလ် ကောင်းမှုနဲ့ မဖြေဖျောက်နိုင်ရင် ဒုက္ခအကြီး အကျယ် ရောက်တော့တာပါပဲ။
သီလ၊ သမာဓိ၊ပညာလို့ဂုဏ်သိက္ခာ(၃)ခုပါတဲ့ဥပုသ်စောင့်သုံးမှုမှာ(၁)သီလခံယူဆောက်တည်ခြင်း၊ (၂) တရားနာယူ မှတ်သားခြင်း၊(၃)တရားနှလုံးသွင်းရှုမှတ်ခြင်းဆိုတဲ့လုပ်ငန်းစဉ်(၃)ခုပါဝင်ပါတယ်။ အဲဒီ လုပ်ငန်းစဉ် (၃)ခုထဲမှာ သီလခံယူ ဆောက်တည်ခြင်းနဲ့ တရားနာယူမှတ်သား ခြင်းတို့ဟာ ဥပုသ်စောင့်ခြင်းရဲ့အသွင်သဏ္ဍာန်မျှသာ ဖြစ်ပြီးတရားနှလုံးသွင်းရှုမှတ် ခြင်းကတော့ဥပုသ်စောင့်ခြင်းရဲ့ အဓိကလိုရင်း အနှစ်သာရပဲဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင် “ငြိမ်ငြိမ်နေပြီး ငြိမ်းအောင်ကျင့်တာဟာ “ဥပုသ်စောင့်တာပါပဲ။ “ငြိမ်ငြိမ်နေ”ဆိုသည်မှာ သီလနဲ့ ကာယကံ၊ ၀စီကံတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပြီး “ ငြိမ်းအေင်ကျင့်”ဆိုသည်မှာသမာဓိ၊ပညာ၊သိက္ခာတို့ဖြင့် လောဘ၊ ဒေါသစသည့်ကိလေသာအပူတွေကို ငြိမ်းအောင်ကျင့်ခြင်းပဲ ဖြစ်ပါတယ်။ဒီကောက်နုတ်ချက်မှာ ငြိမ်ငြိမ်နေခြင်းဟာဥပုသ်စောင့်ခြင်းရဲံအပေါ်ယံအသွင်သဏ္ဌာန်ပဲဖြစ်ပြီး ငြိမ်းအောင်ကျင့်ခြင်းသည်သာဥပုသ်စောင့်ခြင်းရဲ့အတွင်းအနှစ်သာရ ဖြစ်ပါတယ်။
ဥပုသ်စောင့်သုံးမှုတိုင်းမှာအသွသ်သဏ္ဌာန်ရောအနှစ်သာရပါ ပြည့်ဝစုံလင်နိုင်ပါမှအကျိုးကြီး မြင့်မြတ်တဲ့လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပြီးပညာရှိသူတော်ကောင်းတွေရဲ့ မြတ်နိုးတန်ဖိုးထားဖွယ်လည်း ဖြစ်လာနိုင်ပါတယ်။အဲသလိုမဟုတ်ဘဲသီလခံယူပြီးတာနဲ့ဝိုင်းဖွဲ့စားသောက်၊စားသောက်ပြီးရင် လေကန်၊ပါးစပ်ညောင်းတဲ့အခါ မေ့မြောအောင်အိပ်၊အိပ်ရေးဝလို့အချိန်တန်ညနေစောင့်တဲ့အခါအိမ်အပြန်လှအောင်ဟန်ရေးပြတဲ့အနေနဲ့စိပ်ပုတီးလက်ဆွဲပြီးဘာဝနာမပါဗလာစိတ်နဲ့ ပြန်လာတဲ့ဥပုသ်မျိုးကတော့ဗိုက်အဆာခံရကျိုးမနပ်တဲ့အပြင်ဘာသာခြားတွေရဲ့အထင်မြင်သေးကဲ့ရဲ့ပြစ်တင်စရာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာဥပုသ်စောင့်တာနဲ့ပတ်သက်ပြီးကလေးဘ၀တုန်းကအဘိုးပြောပြတဲ့ပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိ ပါတယ်။ အဘိုးကတော့ မိုးပေါ်က သိကြားမင်းကြီးကိုယ်တိုင် သူ့ကို ပြောပြခဲ့တာလို့ ဆိုပါတယ်။
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်မိသတဲ့။ အဲဒီလို ကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်း ကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။ အဲဒီအခါ နတ်သမီး လေးက သိကြားမင်းကြီးကို “အရှင်သိကြားမင်း လူ့ပြည်မှာ လူတွေ ဒီလောက်ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလား”လို့ လျှောက်ထားလိုက်တယ်။
သိကြားမင်းက “တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည် ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ်၊ မစောင့်တတ်နဲ့ ဥပုသ်စောင်တဲ့ သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါ မပါကို ငါလက်တွေ့ပြမယ်” လို့ နတ်သမီးလေးကို ပြောပြပါတယ်။
အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းပြီး နတ်သမီးလေးကိုတော့ အသက်(၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။လူပြည်ရောက်တဲ့အခါဥပုသ်သည်တွေစုဝေးနေတဲ့ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွာလာလည်ပတ်ကြသတဲ့။
အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီဇရပ် အနား လူယောင်ဖန်ဆင်းထားတဲ့ သိကြားမင်းတို့ စုံတွဲရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီး တစ်စုက (၁၆)နှစ်ရွယ် အပျိုမကလေးကို “ဟဲ့.. သူငယ်မ၊ညည်းနဲ့အဘိုးကြီးဘာတော်သလဲ၊ညည်းအဖေလား၊ ယောက်ျားလား၊”လို့စပ်စပ်စုစု မေးကြသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက “ အဘိုးကြီးဟာ ကျွန်မရဲ့ ခင်ပွန်းပါရှင်”လို့ ဖြေတဲ့အခါ၊ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး “ ကြည့်စမ်းပါဦးတော်၊ ရုပ်ရည်ကလေး သနားကမား ပျိုပျို ရွယ်ရွယ်ကလေးနဲ့ ဒီ သေခါနီး အဘိုး ကြီးကိုမှ ယူရသလား၊ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ၊ ဟို အဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူတယ်၊ နွားအို မြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့”လို့ တစ်ယောက်တစ်ပေါက် ၀ိုင်းပြီး အတင်းပြောကြသတဲ့။
အဲဒီကနေ နောက်တစ်နေရာကိုသွားတဲ့အခါမျိုးသားတွေစုပြီး နေတဲံ ကျောင်းဆောင်တစ်ခုနားကို ရောက်သွားတယ်။ အဲဒီနေရာကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောင်္ကျားတွေက “ ကြည့်စမ်းဟေ့၊ မလိုက်လိုက်တဲ့ စုံတွဲကွာ၊ အဘိုးကြီးကလည်း မခေဘူးနော်၊ ကောင်းမလေးကို မုန့်ပေးပြီး ကြိုက်တာနေမှာ၊ ကောင်မလေးတော့ ကံဆိုးတာပဲ၊ မကြာခင် မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ ဟေ့ကောင်- မုဆိုးမ ဖြစ်ရင် တို့သွားပြီး တန်းစီရရင် မကောင်းဘူးလား”လို့ မကြားတကြား သရော်ကြ စကြသတဲ့။
အဲဒီကျောင်းဆောင်ဘက်က ထွက်ခဲ့ပြီးတဲ့နောက် ရေအိုးစင်တစ်ခုနားကို ရောက်လာတယ်။ အဲဒီ ရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာ ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိန်ပြီးစိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားနားကိုသွားပြီး “ အဖွား၊ ဒီရေအိုးစင်မှာရေရှိလား၊ ကျွန်မခင်ပွန်းသည် ရေဆာလို့ပါရှင်” လို့ ခွင့်တောင်း တဲ့အခါ အဘွားအိုက“ရှိပါတယ်သူငယ်မရယ်၊သဘောရှိသောက်ပါ၊ကုသိုလ်လိုချင်လို့အဘွားကိုယ်တိုင်ပဲ ရေခပ်ထားတာပါ”လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး“အော်… မောင်ကြီးကသူငယ်မရဲ့ခင်ပွန်းသည်ကိုး၊ဒီလိုပေါ့အေရယ်၊ ရှေးက ရေစက်ဆိုတာအမျိုးမျိုးဆုံစည်းရတာပဲ၊စိတ်ကောင်းကောင်းထားပြီးဖခင်နဲ့တူသောခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပါကွယ်”လို့ ဆုံးမစကားပြောပါ တယ်။
အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကို ပြန်သွားကြသတဲ့။ နတ်ပြည်ရောက်တဲ့အခါသိကြားမင်းက“ကိုင်းဘယ့်နှယ့်ရှိစ၊လူ့ပြည်မျာဥပုသ်စောင့်တဲ့သူတွေကတော့များပါရဲ့၊ အများစုက စေတနာ တယ်မသန့်ကြဘူး၊ ရိုးရိုး သားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲနတ်ပြည်ရောက်လိမ့်မယ်၊ကျန်လူတွေကတော့ထုံးစံအတိုင်း အောက်ပြည်သွားကြမှာပေါ့”လို့ နတ်သမီး လေးကို ပြောပြပါတဲ့။
ဒီပုံပြင်ကလေးဟာဥပုသ်စောင့်ခြင်းရဲ့အသွင်သဏ္ဌာန်နဲ့အနှစ်သာရမတူကွဲပြားပုံကိုခွဲခြားဖော်ပြလိုတာပါ။ အနှစ်သာရ မပါတဲ့ အသွင်သဏ္ဌာန် ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။
ဒီပုံပြင်ကလေးကိုဖတ်ပြီး “ဒါ အများဖြစ်နေကျ ထုံးစံပါပဲ”လို့ ပေါ့ပေါ့လေးတွေးလို့ ရနိုင်ပေမယ့် မိမိတို့ရဲ့ တရားဓမ္မ ၊ ကျင့်စဉ်သိက္ခာတွေကို အလေး ဂရုမပြု၊ ပေါ့တီးပေါ့ဆ မရိုမသေပြုမူခြင်းဟာ ဘာသာ၊ သာသနာ ကွယ်ပျေက်ကြောင်းမို့ အထူး သတိပြုကြရမှာပါ။
ပိဋကတ်စာပေမှာတော့အပေါ်ယံအသွင်သဏ္ဌာန်မျှသာ ဖြစ်ပြီး၊အနှစ်သာရမပါတဲ့ဥပုသ်မျိုးကို ဂေါပါလဥပုသ်(နွား ကျောင်းသားဥပုသ်) အသွင် သဏ္ဌာန် ရော အနှစ်သာရပါ ပြည့်သသောဥပုသ်မျိုးကို အရိယဥပုသ်(မြင့်မြတ်သောဥပုသ်)လို့ ခေါ် ဆိုသတ်မှတ်ပါတယ်။
အနှစ်သာရပြည့်ဝတဲ့ အရိယဥပုသ်တစ်ရက် စောင့်ရတဲ့ အကျိုးဟာ “ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အုပ်စိုးရတဲ့မင်း၊မိဖုရားအဖြစ်မျိုးထက်ကြီးကျယ်ခမ်းနားကြောင်း”ဘုရားရှင်ကိုယ်တော်တိုင် ဟောမိန့်တော်မူခဲ့ဖူးပါတယ်။
တကယ်တမ်းပြောရရင်ဥပုသ်စောင့်တယ်ဆိုတာဘုရား၊ပစ္စေကဗုဒ္ဓါ၊ရဟန္တာအရှင်မြတ်တွေရဲ့ မြင့်မြတ်လှတဲ့ ဘ၀ကို အတူယူ အားကျပြီး တဒင်္ဂ ခဏ၊ တစ်စိတ်တစ်ဒေသ ၀င်စားကြည့်တာပါ။ အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင် နေထိုင်ပုံမျိုးကိုတစ်ရက်တာမျှအတုခိုးကျင့်ကြံတာ မျိုးပါ။ဒီအချက်တွေကို ထောက်ဆကြည့်ရင်ဥပုသ်စောင့်တယ်ဆိုတာဘယ်လောက်အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင် ဉာဏ်ရှိသူတိုင်း သိကြမှာပါ။
ဒါကြောင့် လောက၊ဓမ္မ နှစ်ဖက်လှပြီးအစဉ်အလာကောင်းတဲ့ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ် ပျောက် ရအောင်ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့ သမိုင်းပေးတာဝန်တစ်ခုဖြစ်ကြောင်း သတိပေးပြောပြလိုပါတယ်။ အရှင်မုနိန္ဒ(ပန်းထော်)မျှဝေသည်။
No comments:
Post a Comment