Saturday 27 April 2013

ဗုဒ္ဓဆိုတာ.





ဗုဒ္ဓဆိုတာ ဗောဓိဉာဏ်တော်ကို ရပြီးသူဖြစ်ပါတယ်။ ဗောဓိဆိုတာကတော့ စံပြုရမယ့် ဉာဏ်အမြော်အမြင်၊ အကျင့်သီလတွေနဲ့ ပြီးပြည့်စုံတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုရပါတယ်။ ခရစ်နှစ်မပေါ်မီ ၆၂၃-ခုနှစ်က ခေတ်သစ် နီပေါနိုင်ငံအတွင်းတည်ရှိတဲ့ ကလိဝတ်ပြည်(ယခု နီပေါနိုင်ငံ ဗဒါရီးယား Padaria)အနီး လုမ္ဗိနီဥယျာဉ်မှာ သိဒ္ဓတ္ထလို့ အမည်ရတဲ့ အိန္ဒိယလူမျိုး မင်းသားတစ်ပါးကို ဖွားမြင်ခဲ့ပါတယ်။ ထိုနေရာကို အသောကဘုရင် ကြီးက ခရစ်မပေါ်မီ ၂၃၉-ခုနှစ်က ကျောက်တိုင်စိုက်ထူပြီး “ သဗ္ဗညုတရွှေဉာဏ် ရရှိခဲ့သူ အရှင်သူမြတ် ဤနေရာတွင် ဖွားမြင်သည်” လို့ ကမ္ဗည်းထိုးခဲ့ပါတယ်။ မယ်တော်မာယာဟာ သားတော်ကို ဖွားမြင်တော်မူပြီး ခုနှစ်ရက်အကြာ နတ်ရွာစံသွားခဲ့သည်။ သိဒ္ဓတ္ထမင်းသား ဟာ အဒေါ်ဖြစ်သည် (မဟာပဇာပတိ)ဂေါတမီရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ပျော်ရွှင်ချမ်း ကြီးပြင်းခဲ့ပါတယ်။ ၁၆-နှစ် အရွယ်ရောက်တဲ့အခါ ဆွေမျိုးတော်စပ်သူ ဒေ၀ဒဟပြည့် ဘုရင်သုပ္ပဗုဒ္ဓမင်းရဲ့ သမီးတော် ယသော်ဓရာနဲ့ စုလျားရစ်ပတ် လက်ထပ်ကာ သားတော်တစ်ပါး ရာဟုလာကို ဖွားမြင်ခဲ့ပါတယ်။

၁၃-နှစ်တာ ကာလပတ်လုံး ဘ၀င်ချမ်းမြေ့စရာတွေနဲ့ အလှအပများကို တွေ့မြင်ခဲ့ရပြီး နန်းစည်းစိမ် ချမ်းသာနဲ့ နေခဲ့ရပါတယ်။ သည်လိုနဲ့ ၂၉-နှစ်အရွယ်ရောက်တဲ့အခါမှာ အမှန်တရားဟာ နေရောင်ခြည်လို ထွက်ပြူလို့လာခဲ့ ပါတယ်။ ‘အင်း ပဋိသန္ဓေနေရခြင်း၊ အိုရခြင်းနဲ့ သေခြင်းဆိုတဲ့ ဆင်းရဲဒုက္ခအပေါင်းကို သတွာမှန်သရွေ့ ဘယ်သူမှရှောင်ကွင်းလို့မရဘဲ၊ မလွဲဧကန် တွေ့ကြရမှာပါတကား ’လို့ သိရှိပြီး သံဝေဂများ ရခဲ့ပါတယ်။ သည်သံသရာ ၀ဋ်ဆင်းရဲအပေါင်းရဲ့ အစနဲ့ဘ၀ကလွတ်မြောက်ရာ အမှန်ကို ရှာကြံဖို့ အာသာဆန္ဒ ပြင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် အလောင်းတော်ဟာ လူ့လောကကြီးကို စွန့်ခွါကာ၊ ရဟန်းဝတ်နဲ့ ခြိုးခြံစွာနေပြီး တရားဓမ္မများ ရှာပါတော့တယ်။

တရားဓမ္မကို ဦးစွာရှာဖွေရာမှာ ပထမဦးစွာ အာဠာရနဲ့ ဥဒကဆိုတဲ့ ပုဏားဆရာကြီး နှစ်ဦးထံ ချဉ်းကပ်ပါတယ်။ အာဠာရဟာ ရသေ့ကြီး ကပိလရဲ့နောက်လိုက်ဖြစ်ပြီး ဝေသာလီပြည်မှာ တပည့်တပန်း အများအပြားကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူဟာ ၀ိညာဉ်ရဲ့ အရေးပါမှုကို အထူးပြုဟောကြားနေတဲ့ (ဒဿနဗေဒ)ကို ရှာဖွေတွေ့ရှိသူအဖြစ် ကျော်ကြားပါတယ်။ ၀ိညာဉ်တည်ရှိမှုကို မယုံကြည်သမျှသူရဲ့ သဘာဝတရားကို မကိုင်းညွှတ်ဘူးလို့ ခံယူထားပါတယ်။ ရုပ်ဒြပ်မဟုတ်ပေမယ့် အဆုံးအစမရှိတဲ့ ၀ိညာဉ်ကို မယုံကြည်သမျှ ဘ၀ကလွတ်မြောက်မှာ မဟုတ်ဘူးလို့လဲ ခံယူထားသူဖြစ်ပါတယ်။

ဘုရားအလောင်းတော်ဟာ ထိုအာဠာရရဲ့ စစ်မှန်တဲ့ ဘ၀လွတ်မြောက်ရေးဆိုတာကို မနှစ်သက်သဘော မကျတဲ့ အတွက် အာဠာရကို ဖယ်ခွာပြီး ဥဒကထံ ချဉ်းကပ်ပြန်ပါတယ်။ ဥဒကဟာလည်း အတ္တ၀ိညာဉ်ကို အကျယ်ချဲ့ပြီး ပြောကြားပြန်ပါတယ်။ သို့ပေမယ့် ကမ္မ (ကံ)ရဲ့ အကျိုးသက်ရောက်မှုနဲ့ သတ္တ၀ါများ သေလွန် တဲ့အခါ သည်ဝိညာဉ်ကြီးဟာ ရုပ်ခန္ဓာတစ်ခုက နောက်တစ်ခုကို ပြောင်းလဲဖြစ်တည်မှုသဘောကို အထူးပြုဟောကြားခဲ့ပါတယ်။

ဘုရားအလောင်းတော်ဟာ ကံ ကံ၏အကျိုးဆိုတဲ့သဘောတရားရဲ့ မှန်ကန်မှုကို တွေ့ရှိရစေမယ့် အတ္တ၀ိညာဉ်ရဲ့ ဖြစ်တည်မှုနဲ့ ပြောင်းလဲဖြစ်တည်မှု သဘောတရားကို လက်မခံမယုံကြည်တဲ့ အတွက် ဥဒကကိုလဲ စွန့်ခွါခဲ့ပြန်ပါတယ်။ ထိုကဲ့သို့ အလွန်ကျော်ကြားတဲ့ ဆရာများထံ ဘယ်လိုပဲချဉ်းကပ်ပေမယ့် သူလိုချင်တဲ့ တရားကို ဘယ်သူကမှ ပေးနိုင်စွမ်း မရှိကြပါဘူး။ ဒဿနိကပညာရှင်ဟု ခေါ်နေကြသူတွေဟာ အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ ၊ မျက်မမြင်က အကန်းကို ဦးဆောင်နေသလို အမှန်တရားကို တကယ် မသိကြဘူးလို့ သိမြင်သွားခဲ့ပါတယ်။ နောက်ဆုံးတော့ အလောင်းတော်ဟာ ကောဏ္ဍညခေါင်းဆောင်တဲ့ ဥဒကရဲ့တပည့်ငါးဦး ရှိရာ ဂယာနားက ဥရုဝေလတောကို ရောက်ရှိသွားပါတယ်။ သည်ငါးဦးဟာ အာရုံများရဲ့ တပ်မက်မှု (လောဘ)ကို ချုပ်တည်းပြီး စိတ်ရဲ့ အလိုကို မလိုက်ဘဲ ပြင်းထန်စွာ ကျင့်ကြံအား ထုက်နေကြတာ ကို တွေ့ရှိပါတယ်။ သူတို့စိတ်အားထက်သန်မှုနဲ့ ဇွဲကြီးမားမှုကို ချီးကျူးပြီး ကိုယ်တိုင်စမ်းသပ်ပါတယ်။ အဲဒီအချိန်အခါက ၀ဋ်ဒုက္ခများမှ လွတ်မြောက်လိုလျှင် ခြိုးခြံစွာနေပြီး တကယ်ပြင်းထန်စွာ ကျင့်မှသာရမယ်လို့ ယုံကြည်ကြပါတယ်။

ထိုကဲ့သို့ ဘုရားအလောင်းတော် ခြိုးခြံစွာနေပြီး ပြင်းထန်စွာ ကျင့်ကြံအားထုတ်ပါတော့ တယ်။ ခြောက်နှစ် တာကာလပက်လုံး မအိပ်မနေ အဆက်မပြတ် အားထုက်လိုက်တာဟာ ကိုယ်ခန္ဓာ ကြီးသာ သစ်ကိုင်းခြောက် လို့ အသားတွေတွန်လိမ်ပြီး သွေးတွေခြောက်ခန်း အားအင်ကုန်ခမ်း လို့လာပါတယ်။ သည်လို အပင်ပန်းခံပြီး ကျင့်ကြံအားထုက်ပါလျက်နဲ့ မအောင်မြင်တဲ့အခါ အလွန် အဖိုးတန်တဲ့ သင်ခန်းစာကို ထုက်ယူရရှိ လိုက်ပါတယ်။

သည်လိုအဖိုးတန်တဲ့ သင်ခန်းစာကိုထုက်ယူလိုက်တဲ့အတွက် စိတ်အလိုကိုလိုက်ခြင်းနဲ့ ကိုယ်ကို ညှင်းပန်းခြင်းဆိုတဲ့ အစွန်းတရားနှစ်ပါးကို ရှောင်ပြီး လွတ်ကင်းတဲ့ လမ်းကိုလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုအစွန်းနှစ်ပါးမှ လွတ်သော မဇ္ဈိမပဋိပဒါ လမ်းအတိုင်းလိုက်တော့မှ ဆင်းရဲဒုက္ခအပေါင်းရဲ့ အဆုံးတရား များကို ကောင်းစွာတွေ့မြင်လာပါတယ်။ သည်လိုသံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်ရာလမ်း ကတော့ မဂ္ဂင်ရှစ်ပါးတရားသာ ဖြစ်တယ်ဆို တာကိုလည်း သိမြင်လာပါတယ်။

လောကမှာ အထွဋ်မြတ်ဆုံးဘုရားဖြစ်တော်မူပြီး ဗာရာဏသီ မိဂဒါဝုန်တောတွင် ပထမဆုံး ဓမ္မစကြာ တရား ဒေသနာကို ဟောကြားတော်မူသည်မှ ၄၅-နှစ်တာ ကာလပတ်လုံး သာသနာ ပြုတော် မူပြီးနောက် နီပေါနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ကုသိနာရုံပြည်ဝယ် အရာခပ်သိမ်းတို့သည် ပျက်စီးခြင်းတရားနှင့် မကင်းကြ ပါကုန်၊ ကြီးစွာသော သတိတရားထား၍ ကြိုးစားအား ထုက်ကြပါကုန်လော့ ဟု နောက်ဆုံးတရား မိန့်ကြား ကာပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပါတယ်။

ဒါ့ကြောင့် မြတ်စွာဘုရားတို့ဟာ လမ်းပြသူမျာသာဖြစ်ကြပါတယ်။ မိမိဘ၀ လွတ်မြောက်ဖို့ကတော့ မိမိတို့ ကိုယ်တိုင်လျှောက်လှမ်းကြဖို့ပဲရှိပါတော့တယ်။ မိမိဘ၀လွတ်မြောက်ဖို့ သူတစ်ဦးကို စောင့်မျှော်အား ကိုးခြင်းဟာ အချည်းနှီးပါပဲ။ မိမိတို့ကိုယ်တိုင် ကြိုးစားကြမှပဲ အောင်နိုင်ကြပါ လိမ့်မယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာနသုတ်မှာ မိမိသည် မိမိအတွက် မီးအိမ်ဖြစ်ပါလေ၊ မိမိကိုယ်သည်သာ မိမိခိုလှုံရာဖြစ်ပါလေ။ တရားဓမ္မကို မီးအိမ်အဖြစ် မြဲမြံစွာ စွဲကိုင်ပါလေ။ တရားဓမ္မကို ခိုလှုံရာအဖြစ် မြဲမြံစွာစွဲကိုင်ပါလေ။ မိမိမှတစ်ပါး အခြားသောသူအား ခိုလှုံရာ အဖြစ် မဖွေရှာလေနှင့်၊ အကြင်သူသည် မိမိအတွက် မီးအိမ်အလား၊ မိမိအတွက် ခိုလှုံရာအလား ဖြစ်ကြမူ၊ ဗောဓိဉာဏ်ကို ရှာကြံသောသူများအလား ဘ၀၏ ထိပ်ဆုံးသို့ မုချမသွေ ရောက်ကြ ပေအံ့ဟု မိန့်မှာတော်မူခဲ့ပါသည်။


ကကက -

No comments:

Post a Comment