Friday 1 January 2016

Happy New Year to You! ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ရတနာ ဖြစ်ပါစေ

၂၀၁၅ခုနှစ်ကတော့ ကုန်တော့မှာပါလား ။ လောကမှာ ထုံးစံအတိုင်း တနှစ်မှာ တစ်ခါ နှစ်သစ်ကူးဆိုတာ လုပ်ကြပါတယ်။ Happy
New Year to You ! ပေါ့ ။ Globalization ခေတ်ဆိုတော့ ကမ္ဘာသုံး ( A . D
anno domini) ခရစ်နှစ်နဲ့ အလုပ်များကြပါတယ် ။ မြန်မာတွေက မြန်မာ ( Myanmar Era ) နှစ်နဲ့လည်း လုပ်ကြတယ် ။ တချို့ တရုပ်နွယ်ဖွား မြန်မာများဆိုရင် မြန်မာနှစ်လို Happy New Year၊ ခရစ်နှစ်လိုလဲ Happy New Year - တရုပ်နှစ်လိုလဲ Happy New Year ဆိုပြီး လုပ်ကြသေးတယ်။ ကမ္ဘာမှာ လူမျိုးနွယ် ပါင်းကလဲ လူမျိုးပေါင်း ၃၆၅ မျိုးမက ရှိနေပါတယ်။ ရှိနေသမျှ လူမျိုးပေါင်းတို့အလိုအရ Happy New Year လုပ်ရမယ်ဆိုရင်လည်းနေ့တိုင်း အချိန်တိုင်း Happy New Year ဖြစ်နေတော့မှာပါပဲ။
Happy New Year- ကို စိစစ်ကြည့်တော့ တစ်နှစ်မှတစ်နှစ် ရုပ်နာမ်တရားတွေ ပြောင်းလဲသွားတာပါပဲ ။ အသက်တစ်နှစ်ကြီးလာတာပေါ့။ တကယ်ပြောင်းလဲလာတာက ရုပ်တရား နာမ်တရားတွေပါ ။ မိမိတို့ရဲ့ ကိုယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ရုပ်တရား နာမ်တရားတွေဟာ စက္ကန့်မလပ် အမြဲတမ်း ပြောင်းလဲနေပါတယ်။ အဲဒီလို ကိုယ်တွင်းက ရုပ်တရား နာမ်တရားတွေ စက္ကန့်မလပ် ပြောင်းလဲနေတာကိုတော့ ဝိပဿနာ အသိ ဥာဏ်မျက်စိနဲ့ ကြည့်မှသာ မြင်နိုင်ပါတယ် ။ ရုပ်တရား နာမ်တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ချင်ရင် “ဖြစ်ပျက်” လို့ ရွတ်ဆိုနေရုံနဲ့တော့ မြင်ရမည် မဟုတ်ပါ ။ ပစ္စုပ္ပန်အခိုက်အတန့်မှာ တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေကို ရှုမှတ်နေမှသာ တကယ့်ရုပ်နာမ်တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ရမှဖြစ်ပါတယ်။
ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို မြင်နေရပြီဆိုရင် အနိစ္စလက္ခဏာဆိုတာ ထင် ရှားလာမယ်။ ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အမြဲနှိပ်စက်ခံနေတဲ့အတွက် ဒုက္ခလက္ခဏာလဲ ထင်ရှားလာမယ်။ ဒီ
လို မမြဲတာ ဒီလို ဆင်းရဲတာဟာ ကိုယ်ဖြစ်လို့ ဖြစ်ရတာမဟုတ်ပဲ အစိုးမပိုင်လို့သာ ဖြစ်ရတာဆိုတဲ့ အနတ္တ လက္ခဏာလဲ ထင်ရှားလာပါမယ်။ လက္ခဏာရေးသုံးပါးလုံး ထင်ရှားလာပါလိမ့်မယ်။ “အနိစ္စ ဒုက္ခ အနတ္တ”
လို့ ရွတ်ဆိုနေရုံမျှနဲ့တော့ လက္ခဏာရေးသုံးပါးက ထင်ရှားလာမည် မဟုတ်ပါ ။ ထို့ကြောင့် လက္ခဏာရေး
သုံးပါး ထင်ရှားဖို့အတွက် ဖြစ်ပျက် ဖြစ်ပျက်လို့ အမြှုတ်ထွက်အောင် ရွတ်ဆိုနေဖို့မလိုသလို အနိစ္စ - ဒုက္ခ အနတ္တလို့ ရွတ်ဆိုနေဖို့လည်း မလိုအပ်ပါဘူး။ တကယ်လုပ်ရမည်က ဖြစ်ခိုက်ရုပ်နာမ် ပစ္စပ္ပန်တရားတွေကို
သာ ရှုမှတ်နေဖို့ လိုပါတယ် ။ Happy New Year- ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေ ရဲ့ ဖြစ်ပျက်
ပြောင်းလဲ မမြဲ တာကိုလဲ သတိထား ကြည့်သင့်ပါတယ်။
တစ်နှစ်တစ်ခါ နှစ်သစ်ဟာ လူ့မှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ။
ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏။

× × × × ×
Happy New Year - ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို သမာဓိ သိက္ခာလို့ခေါ်တဲ့ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ဖြင့် သတိထား ရှုမှတ်နေသူမှာ သမ္မာဒိဋ္ဌိ
သမ္မာ သင်္ကပ္ပ ဟူသော ပညာသိက္ခာတို့ ထက်မြက်နေပါတယ် ။
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတဲ့ သီလသိက္ခာတို့လဲ ဖြူစင်သထက်ဖြူစင်လာပါတယ် ။ ထို.
ကြာင့် မဂ္ဂင်ရှစ်ပါး ဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ အားကောင်းသထက် ကောင်းလာပါတယ် ။ နှစ်ကုန်လာ လို့ အသက်သာ တစ်နှစ်ကြီးလာပြီး သိက္ခာတရား ကြီးမလာသတို့မှာ အကုန်ကြောက်နေရ ပါတယ် ။ ကုန်ဆုံး သွားတဲ့ အချိန်နဲ့အမျှ သိက္ခာတရားဘာမျှ မရရှိပဲ ချိန်ခွင်လျာ မညီသူတို့မှာ အမြဲတမ်း လိုလို ကြောက်ရွံ.ထိပ် လန့်နေရပါတယ်။ လူလောကမှာ အကျင့်သိက္ခာ ကြီးမလာပဲ အသက်သာကြီးလာ
ပြီး အိုမင်းလာသည့်အခါ ဘာမျှအသုံးမကျသည့်အတွက် ဝိုင်းပယ်ခြင်းကို ခံရပါလိမ့်မယ် ။ အိုပယ်ဖြစ်သွားတတ်ပါတယ် ။ ထို့ကြောင့် လူလောကမှာ မိမိကိုယ်ကို ယုံကြည်မှုနည်းလာခါ အသက်စ
သည် အမေးခံရသောအခါ မကြေနပ်ကြပေ ။ ထို့ကြောင့် ခေတ်သစ်လောကနီတိက… “ မိန်းကလေးဆို အသက်မမေးရ၊ လခစားဆို လခမမေးရ၊ ဘုန်းကြီးဆို ဝါမမေးရ၊ စိတ်ဆိုးတတ်ကြသည်”တဲ့။
အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။
အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။
အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏။

× × × × ×
အသက် တစ်နှစ်ထက် တစ်နှစ် ကြီးလာသည်နှင့်အမျှ မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရား
တို့ တစ်နှစ်ထက် တစ်နှစ် ကြီးမားလာသူတို့မှာ အမှန်ပင် စိတ်အေးရပါတယ် ။ ကုန်လွန်ခဲ့တဲ့အချိန်များ
ကို အကျိုးရှိရှိ ကုန်ဆုံးခဲ့ရလို့ ပြန်တွေးတိုင်း ပူပင်မှုမရှိပဲ ကျေနပ်နှစ်သက်မှုသာ ဖြစ်ရပါတယ်။ သိက္ခာ
သုံးပါး အကျင့်တရားတွေ မြင့်မားလာသည့်အတွက် သိက္ခာသုံးပါးတည်းဟူသော တကယ်အလှ တရား
ဖြင့် ပြည့်ဝနေသည့်အတွက် ကြီးလေလှလေ ဖြစ်ခါ လူအများကလဲ ချစ်လို့မဝ ကြည်ညိုလို့မဝ ဖူးလို့မ ဝဖြစ်ရပေတယ် ။ ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ဖြင့် ပြည့်လျမ်းနေသော
Happy New Year မျိုးဟာ တကယ့် ရတနာထိုက်တဲ့ “ Happy New Year နှစ်သစ်မင်္ဂလာ ရတနာ’ ’ လို့ ခေါ်ဆိုထိုက်ပါပေတယ်။
အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။
ကြီးလေလှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။
နှစ်သစ်မင်္ဂလာ၊ ရတနာ၊ ကောင်းစွာရအောင်ဖြည့်။

× × × × ×
Happy New Year to You ! - လို့ ဆိုလိုက်ရင် နှစ်သစ်ဆုတောင်းဆိုတာ လူတိုင်းနီးပါး သိကြပါတယ် ။
( သင့်အတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ) လို့ ဆိုလိုတာပါပဲ ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာက ဆုတောင်း
လေးတော့ သတိထားမိသူ နည်းမယ်ထင်ပါတယ် ။ ဗုဒ္ဓဘာသာမှာ Happy New Year to You ! ဆိုတဲ့ ဆုတောင်းထက် ပိုပြီးလေးနက်ကာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆုတောင်းလေးရှိပါတယ် ။ ဆုတောင်းလဲ ပေး
ကြတယ် ၊ ဗုဒ္ဓဘာသာက ဆုတောင်းပေးနေကြ မွေးနေ့ဆုတောင်းဖြင့် ဆုတောင်း မေတ္တာပို့သလိုက်ပါ
တယ်........................
ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေ၊ သဗ္ဗဓမ္မာနုဘာဝေန၊
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

ကောင်းခြင်းမင်္ဂလာမှန်သမျှ ဖြစ်ပါစေ၊ ခပ်သိမ်းသော နတ်အများက စောင့်ရှောက်ကြပါစေ၊ အလုံးစုံသောဘုရားရှင်တို့၏ တန်ခိုးအာနုဘော်ကြောင့်၎င်း အလုံးစုံသော တရားတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း အလုံးစုံသော သံဃာတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း သတ္တဝါအားလုံးတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

May there be all blessings!
May all deities give protection!
By the power of all Buddhas, Dhammas and Samghas, may you be happy!
နှစ်သစ်မင်္ဂလာ ရတနာဖြစ်၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနှင့် ဘေးရန်အမျို:မျို:တို့မှ ကင်းလွတ်ကာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပြီးလျင် အမျိုး ဘာသာ သာသနာတော်အကျိုး ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း...
ဦးဇောတိက

No comments:

Post a Comment