Monday 14 October 2013

သီတင်းကျွတ်လပြည့်နေ့မှာ ရဟန်းသံဃာတော်များ ပ၀ါရဏာပြုကြခြင်းအကြောင်း

သီတင်းကျွတ်လပြည့်နေ့မှာ ရဟန်းသံဃာတော်များ ပ၀ါရဏာပြုကြခြင်းအကြောင်း

ပ၀ါရဏာဆိုတာ မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ, ကြားလျှင်ဖြစ်စေ, မယုံသင်္ကာရှိလျှင်ဖြစ်စေ ပြောဆိုဘို့ ဖိတ်မန်ပန်ကြားတာပါပဲ။
ဘာကြောင့် ဒီလို ဖိတ်မန်ပန်ကြားရသလဲ ဆိုယင်-
ကိုယ့်အပြစ်ကို သူများကသာ သိပြီး, ကိုယ့်ဟာကိုယ်တော့ မသိတာလဲ ရှိနေတတ်တယ်။ အဲဒီလို အပြစ်များ ရှိနေပါက အခြားရဟန်းများက ပြောပြဘို့၊ အဲဒီလို ပြောပြလို့ အပြစ်ကို သိရယင် အပြစ်ကင်းအောင် ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားဘို့ပါပဲ။ အဲဒီလို သီလ၀ိသုဒ္ဓိ ပြည့်စုံပြီးတော့ တရားအားထုတ်ပြီး စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ-စသည် ပြည့်စုံသွားဘို့ပါပဲ။

အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး, ဈာန် မဂ် ဖိုလ် တရားထူးရရေးများအတွက် အင်မတန် ကောင်းတဲ့အစီအစဉ်ပါပဲ။ အဲဒီလို အလွန်ကောင်းတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ဒီသီတင်းကျွတ်လပြည့်နေ့မှာ သံဃာ ၅-ပါးရှိလျှင် သံဃာအား ဖိတ်မန်ပန်ကြားဘို့၊ ၅-ပါးမရှိလျှင်တော့ အချင်းချင်း ဖိတ်မန်ပန်ကြားဘို့ မြတ်စွာဘုရားက သိက္ခာပုဒ်အဖြစ်နဲ့ ပညတ်ထားတော်မူခဲ့ပါတယ်။

သဒ္ဓါတရားကောင်းတဲ့ ရဟန်းတော်များအတွက် အလွန်အလေးပြုထိုက်တဲ့ သိက္ခာပုဒ်ပါပဲ။ အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မတ်ပန်ကြားသင့်ပါတယ်။ ပန်ကြားတဲ့အတိုင်း သူတပါးက ပြောဆိုလာယင်လဲ ၀မ်းမြောက်ဝမ်းသာနဲ့ မိမိ၏အပြစ်ကို ကုစား ပြုပြင်ဘို့ပါပဲ။

ဥပမာအားဖြင့်-ပွဲနေပွဲထိုင် လူထုအစည်းအဝေးသို့ သွားမည့်လူမှာ မျက်နှာ၌ အမဲကွက်ရှိနေတယ်ဆိုပါတော့၊ ရင်းနှီးတဲ့သူက အဲဒီအမဲကွက် ရှိနေကြောင်း ပြောယင် ၀မ်းမြောက်စွာနဲ့ လက်ခံပြီး အဲဒီအမဲကွက်ကို သုတ်သင်ရမယ်။ ပြောတဲ့သူကိုလဲ ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပြောမည့်သူမရှိ၍ အမဲကွက်ကြီးနဲ့ လူထုပရိသတ်ထဲသို့ သွားမိယင် သူတပါးတို့ ရယ်ဘွယ်ဖြစ်ပြီး အရှက်ရလိမ့်မယ်၊ ဒါကြောင့် အပြစ်ကို ပြောပြသူအား ကျေးဇူးတင်ရမယ်။

အဲဒါလိုပဲ ကိုယ်တိုင်မသိတဲ့အပြစ်ကို ပြောပြသူအား ၀မ်းမြောက်စွာနဲ့ လက်ခံပြီး ကျေးဇူးတင်ဘို့ပါပဲ။ မိမိအပြစ်ကိုလဲ သန့်ရှင်းစင်ကြယ်အောင် ကုစားဘို့ပါပဲ။ အဲဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပါပဲ။ ၀တ်ကြေ၀တ်ကုန်မျှ သဘောမထားပဲ စင်ကြယ်ထက်သန်တဲ့ စေတနာနှင့် ဖိတ်မန်ပန်ကြားလျှင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်၊ အချင်းချင်း သူတပါးအား ပြောစရာရှိယင်လဲ မိမိက ပြောရန်၊ သူတပါးက မိမိ၏အပြစ်ကို ပြောယင်လဲ ၀မ်းမြောက်စွာနဲ့ လက်ခံပြီး စင်ကြယ်အောင် ပြုပြင်ကုစားသွားရန် အဲဒီလိုသဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော်မူခဲ့တဲ့ ကျင့်ဝတ်ပါပဲ။

မဟာစည် ဆရာတော်။

ပ၀ါရဏာပြုပုံ
သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )

( မြန်မာ )

အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၎င်း, ကြားခြင်းအားဖြင့်သော်၎င်း, ယုံမှားခြင်းအားဖြင့်သော်၎င်း တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊

အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား။

No comments:

Post a Comment