မြတ်စွာဘုရားသည် သာကီဝင်မင်းသားတို့၏စာတုမရွာ သျှိသျှားတောကျောင်း၌
သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့သည်
မြတ်စွာဘုရားကို မဖူးတွေ့ဖူးသေးသော ကျေးတောသားရဟန်းငါးရာကို ခေါ်၍
ကြွလာကြ၏။
ထိုရဟန်းငါးရာတို့သည် ကျောင်း၌ဆူညံနေကြသဖြင့် မြတ်စွာဘုရားရှင်သည်
အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန်းငါးရာတို့ကို ကျောင်းတိုက်မှ နှင်ထုတ်တော်မူ၏။
သာကီဝင်မင်းသားများက မြတ်စွာဘုရားရှင်ထံ လာရောက်တောင်းပန်မှ
အခွင့်ရသဖြင့် အဂ္ဂသာဝကနှစ်ပါးနှင့်ရဟန်းငါးရာတို့ ပြန်လာကြရ၏။
ထိုအခါ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာအား-
"ငါဘုရား နှင်ထုတ်စဉ်က စိတ်ထဲဘယ်လိုခံစားရသလဲ"ဟု မေးမြန်းရာ
အရှင်သာရိပုတ္တရာက-
"ယခုအခါ မြတ်စွာဘုရားရှင်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြစိုက်တော်
မမူဘဲ တစ်ပါးတည်း ဖလသမာပတ်ချမ်းသာဖြင့် ချမ်းသာစွာနေတော်မူလိုပြီ။ ငါတို့လည်း
မြတ်စွာဘုရားကိုအတုလိုက်၍ အေးချမ်းစွာနေကြတော့မည်"ဟု အကြံဖြစ်ပေါ်ပါသည်ဘုရား။
ဟုလျှောက်၏။
ထိုအခါ မြတ်စွာဘုရားရှင်က
အို....သာရိပုတ္တရာ အေးအေးချမ်းချမ်း နေဖို့ ခဏထားပါဦး၊ ခဏထားပါဦးဟု မိန့်တော်မူ၍
တစ်ပါးတည်း အေးအေးချမ်းချမ်းချမ်းနေဖို့ တားမြစ်တော်မူ၏။
ထို့နောက် အရှင်မဟာမောဂ္ဂလာန်ကို မေးမြန်းတော်မူရာ
အရှင်မဟာမောဂ္ဂလာန်က-
"ယခုအခါ မြတ်စွာဘုရားရှင်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြမဲ့နေတော်မူလိုပြီ။
သံဃာ့ပရိသတ်ကို ဆောင်ဖို့ရန် ငါနှင့်သာရိပုတ္တရာတို့၏တာဝန်သာဖြစ်တော့သည်ဟု
စိတ်ထဲ အကြံဖြစ်ပေါ်ကြောင်း"လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားရှင်က-
အိုး.... သာဓု သာဓု မောဂ္ဂလာန သာဓု၊ ငါဘုရားလည်း သံဃာ့ပရိသတ်ကို ဆောင်တော်မူမည်။
သင်တို့တတွေလည်း သံဃာ့ပရိသတ်ကို ဆောင်ကြပါဟု မိန့်တော်မူ၏။
မြတ်စွာဘုရားရှင်၏မိန့်ကြားချက်ကား ရှင်းလင်းပေါ်လွင်လှပါ၏။ ရေရှည်တည်တံ့ခိုင်မြဲ
သော သံဃာပရိသတ်ကို လောကကြီးထဲ၌ ထာဝစဉ် ရှိစေချင်သည်မှာ ဘုရားရှင်၏ဆန္ဒ
ဖြစ်သည်။ သံဃပရိသတ်ပျက်စီးအောင် အားထုတ်သူသည် ဘုရားရှင်၏ဆန္ဒကို ဖျက်ဆီး
သူပင်ဖြစ်သည်။
သံဃာရှိမှ ဓမ္မရှိမည်။ ဓမ္မရှိမှ စစ်မှန်သောချမ်းသာသုခကို ရရှိနိုင်မည်။ ထို့ကြောင့်
မြတ်စွာဘုရားရှင်က အေးအေးချမ်းချမ်းနေလိုသော အရှင်သာရိပုတ္တရာ၏စကားကို
ပယ်မြစ်၍ သံဃာ့တာဝန်ကို ထမ်းဆောင်လိုသော အရှင်မဟာမောဂ္ဂလာန်၏စကားကို
သာဓုခေါ်ခြင်းဖြစ်ပါသည်။
ယခုအခါမှာတော့ သံဃာ့ပရိသတ်ကိုဆောင်ဖို့ရန် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊
အရှင်မဟာကဿပမထေရ်ကြီးတို့ မရှိကြတော့။ ဒီသာသနာ ဒီကမ္ဘာမှာ တည်ဖို့ရန် မည်သူတွေ
မှာ တာဝန်ရှိသနည်း။ စဉ်းစားကြည့်သည့်အခါ သာသနာချစ်သူတိုင်းမှာ တာဝန်ရှိသည်ဟု
ဖြေရမည်ဖြစ်ပါသည်။
သာသနာကို ချစ်တတ်မှ သာသနာကို ပြုစုပျိုးထောင်နိုင်ပေမည်။
သာသနာကိုချစ်၍ သာသနာကို ပြုစုပျိုးထောင်သူသည် ဘုရားရှင်၏ဆန္ဒကို ဖြည့်ဆည်းသူဖြစ်၍
ဘုရားရှင်ကို ချစ်သူပင်ဖြစ်လေသည်။ ဘုရားရှင်ကို ချစ်သူသည် သာသနာကိုလည်း ချစ်သူမည်၏။
သာသနာကိုချစ်သူသည် ဘုရားရှင်ကို ချစ်သူမည်၏။
ထို့ကြောင့် ဘုရားရှင်ကို ချစ်သူတိုင်း ဘုရားရှင်၏သာသနာကို ချစ်မြတ်နိုး၍ ပြုစုပျိုးထောင်နိုင်ကြပါစေ
ဟု ဆုမွန်ကောင်းတောင်းပါ၏။
၁။ ဘုရားမြတ်စွာ သာသနာ ကောင်းစွာထားခဲ့သည်။
၂။ ရှေးရှေးဆရာ သာသနာ ကောင်းစွာဆောင်ခဲ့သည်။
၃။ ရှေးရှေးဒကာ သာသနာ ကောင်းစွာဆောင်ခဲ့သည်။
၎။ မျက်မှောက်သာသနာ ကောင်းဖို့ရာ ကောင်းစွာဒို့ဆောင်မည်။
၅။ အနာဂတ်သာသနာ တည်ဖို့ရာ ကောင်းစွာဒို့ဆောင်မည်။
No comments:
Post a Comment