စိတ် တစ်ခုယုတ် ၉၀ဤအင်တာနက်စာစောင်ကို ၀င်ရောက်ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းနှင့် အကြံပြုစာများ ရေးသားခဲ့ကြသော မိတ်ဆွေများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါသည်။ စိတ္တနိယာမ အကြောင်းဆောင်းပါးကို ဖတ်ရှု၍ ၀ိပါတ်နှင့် ကြိယာစိတ်များအကြောင်း ရေးသားပေးရန် ဓမ္မမိတ်ဆွေတစ်ဦး၏ အကြံပြုတိုက်တွန်းလာသဖြင့် စိတ် ၈၉ ပါး အကြောင်း စုစည်း တင်ပြပါဦးမည်။ စိတ် ၈၉ ပါးတွင် လောကီကုသိုလ်စိတ် ၂၁ ပါး၊ အကုသိုလ်စိတ် ၁၂ ပါး၊ ၀ိပါတ်စိတ် ၃၆ ပါးနှင့် ကြိယာစိတ်အပါး ၂၀ ပါကြောင်း တွေ့ရပါမည်။
ကုသိုလ်၊ အကုသိုလ်စိတ်များ
အကုသိုလ်စိတ် ၁၂ ပါး၊ ကာမာဝစရကုသိုလ်စိတ် ၈ ပါး၊ ရူပကုသိုလ်စိတ် ၅ ပါး၊ အရူပကုသိုလ်စိတ် ၄ ပါး၊ မဂ်စိတ် ၄ ပါးတို့ တို့သည် စိတ္တနိယာမတွင်ပါသော မနေဒွါရိကဇောစိတ် အမျိုးအစားများ ဖြစ်ကြပါသည်။ ၄င်းဇောစိတ်တို့ကို ကာမဇော နှင့် အပ္ပနာဇောစိတ်ဟူ၍ ၂ မျိုး ထပ်ခွဲထားပါသည်။ ကာမဇောများမှာ ကာမာဝစရကုသိုလ်စိတ် ၈ ပါး၊ အကုသိုလ်စိတ် ၁၂ ပါးတို့ ဖြစ်ပါသည်။ အပ္ပနာဇောစိတ်တို့တွင် လောကီ အပ္ပနာဇောစိတ် ၉ ပါးနှင့် လောကုတ္တရာ အပ္ပနာဇောစိတ် ၄ ပါး တို့ ဖြစ်ပါသည်။ လောကီ အပ္ပနာဇောစိတ် ၉ ပါး သည် လူ့ပြည်တွင် ဈာန်ရ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ပုဂ္ဂိုလ်တို့နှင့် ရူပ အရူပ ဗြဟ္မာများတွင် ဖြစ်သောစိတ်များဖြစ်သည်။
အကုသိုလ်စိတ် ၁၂ ပါးတွင် ဘောဘဟိတ်စိတ် ၈ မျိုး၊ ဒေါသဟိတ်စိတ် ၂ မျိုး၊ မောဟဟိတ်စိတ် ၂ မျိုးတို့ဖြစ်ကြသည်။ လောဘမူစိတ်၈ မျိုးကို ၀မ်းမြောက်ဝမ်းသာ ဆောင်ရွက်သောစိတ် ၄ မျိုး ၀မ်းမသာဝမ်းမနဲ အလယ်အလတ်သဘောဖြင့် ဆောင်ရွက်သောစိတ် ၄ မျိုး ကွဲပြားပါသည်။ ထို ၄မျိုးစီကို အယူမှားခြင်းနှင့်ယှဉ်ပြီး ပြုလုပ်ခြင်း၊ မပြုလုပ်ခြင်းဟူ၍ ၂ မျိုးစီ ထပ်ခွဲပါသည်။ ၄င်း ၂ မျိုးစီတွင် တစ်ပါးသူတိုက်တွန်း၍ ပြုလုပ်ခြင်းနှင့် မိမိသဘောအလျောက်ပြုလုပ်ခြင်း ဟူ၍ ၂ မျိုး ကွဲပြန်သည်။ ဒေါသဟိတ်စိတ် ၂ မျိုးတွင်လည်း စိတ်နှစ်လုံး မသာမယာဖြင့် အမျက်ဒေါသထွက်လျက် သူတစ်ပါးတိုက်တွန်းလို့ လုပ်သည့်စိတ်နှင့် မိမိသဘောအလျောက် တက်ကြွစွာ ပြုလုပ်သောစိတ်တို့ ဖြစ်သည်။ မေဟဟိတ်စိတ် ၂ မျိုးမှာ ၀မ်းသာဝမ်းနဲ မရှိပဲ ရတနာ ၃ ပါးအပေါ် မယုံကြည်သောစိတ်နှင့် ပျံ့လွင့်သောစိတ်တို့ ဖြစ်ပါသည်။
ကာမာဝစရမဟာကုသိုလ်စိတ် ၈ မျိုးမှာ ၀မ်းမြောက်ဝမ်းသာ ဆောင်ရွက်သောစိတ် ၄ မျိုး ၀မ်းမသာဝမ်းမနဲ အလယ်အလတ်သဘောဖြင့် ဆောင်ရွက်သောစိတ် ၄ မျိုး ကွဲပြားပါသည်။ ထို ၄မျိုးစီကို ကံ ကံ၏အကျိုးကို သိသော ဉာဏ်နှင့် ယှဉ်ပြီးလုပ်ခြင်း၊ မပြုလုပ်ခြင်းဟူ၍ ၂ မျိုးစီ ထပ်ခွဲပါသည်။ ၄င်း ၂ မျိုးစီတွင် တပါးသူတိုက်တွန်း၍ ပြုလုပ်ခြင်းနှင့် မိမိသဘောအလျောက်ပြုလုပ်ခြင်း ဟူ၍ ၂ မျိုး ကွဲပြန်သည်။
ဥပမာအားဖြင့်ဆိုသော် မဟာကုသိုလ် ပထမစိတ်သည် ၀မ်းမြောက်ဝမ်းသာ ကံ ကံ၏အကျိုးကို သိသောဉာဏ်နှင့် ယှဉ်၍ သူတပါးတိုက်တွန်း၍ ပြုလုပ်ခြင်းသည်၊ ဒုတိယစိတ်သည် ၀မ်းမြောက်ဝမ်းသာ ကံ ကံ၏အကျိုးကို သိသောဉာဏ်နှင့် ယှဉ်၍ မိမိသဘောအလျောက် ပြုလုပ်ခြင်းနှင့် နောက်ဆုံး အဋ္ဌမစိတ်မှာ အလယ်အလတ်သဘောမျိုးဖြင့် ကံ ကံ၏အကျိုးကို မသိသော ဉာဏ်နှင့်ယဉ်၍ မိမိသဘောဖြင့် ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ မဟာဝိပါတ်နှင့် မဟာကြိယာစိတ်တို့ကိုလည်း ထိုသို့ မှတ်ယူရာ၏။
ဝိပါတ်စိတ်များ
ဝိပါတ်စိတ် ၃၆ တွင် ဖိုလ်စိတ် ၄ ပါး ကျဉ်သော ၀ိပါတ်စိတ် ၃၂ ပါးကို လောကီ ၀ိပါတ်စိတ်များဟု ခေါ်ပါသည်။ ထိုလောကီ ၀ိပါတ်စိတ်များတွင် ဒွေပဉ္စ၀ိဉာဏ် ၁၀ ပါးမှ အပ ကျန်ဝိပါတ်စိတ် ၂၂ ပါးသည် မနောဝိဉာဏ်များ ဖြစ်ပါသည်။
အကုသလ၀ိပါတ်စိတ် ၇ ပါး၊ ကုသလ၀ိပါတ် ၈ ပါးတွင် ဒွေပဉ္စ၀ိဉာဏ်သည် ၁၀ ပါးနှင့် ကျန် ၅ မျိုးမှာ စိတ္တနိယာမအရ ၀ီထိစိတ်စဉ်တွင် ပါဝင်သော သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ တဒါရုံစိတ်၊ အပါယ်ဘုံသားတို့၏ ပဋိသန္ဓေ၊ ဘ၀င်၊ စုတိစိတ်များ ဖြစ်သည်။ ဒွေပဉ္စ၀ိဉာဏ် ဆိုသည်မှာ မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်စသော ဒွါရများတွင် ဖြစ်သော ကုသလ၀ိပါတ် စက္ခုဝိဉာဏ်၊ သောတ၀ိဉာဏ်၊ ဃာန၀ိဉာဏ်၊ ဇိဝှါဝိဉာဏ်၊ ကာယ၀ိဉာဏ် ၅ ပါးနှင့် အကုသလ၀ိပါတ် စက္ခုဝိဉာဏ်၊ သောတ၀ိဉာဏ်၊ ဃာန၀ိဉာဏ်၊ ဇိဝှါဝိဉာဏ်၊ ကာယ၀ိဉာဏ် ၅ ပါး တို့ ဖြစ်ပါသည်။
ကာမ၀စရမဟာဝိပါတ်စိတ် ၈ ပါးတို့သည် လူနှင့် နတ်များ၏ ပဋိသန္ဓေ၊ ဘ၀င်၊ စုတိစိတ်များဖြစ်ပြီး ရူပ၀ိပါတ်စိတ် ၅ ပါးနှင့် အရူပ၀ိပါတ်စိတ် ၄ ပါး တို့သည် ရူပ အရူပဘုံများတွင် ပဋိသန္ဓေ၊ ဘ၀င်၊ စုတိစိတ်များ ဖြစ်ကြသည်။
ကြိယာစိတ်များ
ကြိယာစိတ်တို့တွင် ပဉ္စဒွာရာဝဇ္ဇန်းစိတ်၊ မနောဒွာရာဝဇ္ဇန်းစိတ်တို့မှလွဲ၍ ကျန် ၁၈ ပါးသည် ရဟန္တာအရှင်မြတ်များတွင် ဖြစ်သောစိတ်များဖြစ်ပါသည်။ ယင်းတို့မှာ မဟာကြိယာစိတ် ၈ ပါး၊ ရူပကြိယာစိတ် ၅ ပါး၊ အရူပကြိယာစိတ် ၄ ပါးနှင့် ဘုရားရဟန္တာတို့ ပြုံးရယ်သောအခါ ဖြစ်သည့်စိတ်(ဟသိတုပ္ပါဒစိတ်)တို့ဖြစ်သည်။
ကြိယာစိတ်တို့သည် အတိတ်တွင် ပြုလုပ်ခဲ့သော ပညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရနှင့် အာနေဉ္ဇာဘိသင်္ခါရတို့ကြောင့် လက်ရှိဘ၀တွင် ဖြစ်လာသော ပဋိသန္ဓေ၊ ဘ၀င်၊ စုတိ၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ တဒါရုံစိတ်စသော ၀ိပါတ်စိတ်များလည်း မဟုတ်၊ အနာဂတ်အကျိုး ဖြစ်စေမည့် နာနာက္ခဏိက ကမ္မသတ္တိ ချန်ထားလေ့ရှိသော ပစ္စုပ္ပန်၌ဖြစ်သည့် ကာမဇော၊ လောကီအပ္ပနာ ဇောစိတ်များလည်း မဟုတ်၊ နာနာက္ခဏိက ကမ္မသတ္တိမကျန်သော ရဟန္တာအရှင်မြတ်တို့ ပြလုပ်သော ကုသိုလ်စိတ်များကိုသာ ခေါ်ဆိုသည်။ ထို့ပြင် ကာမဘုံသားတို့၏ စိတ္တနိယာမဖြစ်စဉ်တွင်ပါသော ပဉ္စဒွာရာဝဇ္ဇန်းစိတ်၊ မနောဒွာရာဝဇ္ဇန်းစိတ် တို့သည်လည်း ကြိယာစိတ်များဖြစ်သည်။ ကြိယာစိတ်တို့သည် ကုသိုလ်အကုသိုလ် အကျိုးမပေးသော ပြုကာမတ္တစိတ်များ ဖြစ်သည်။
စိတ် ၈၉ ပါး
အကုသိုလ်စိတ် ၁၂
လောဘမူစိတ် ၈
၁။ လောဘဟိတ်ရှိသော ပထမစိတ်
၂။ လောဘဟိတ်ရှိသော ဒုတိယစိတ်
၃။ လောဘဟိတ်ရှိသော တတိယစိတ်
၎။ လောဘဟိတ်ရှိသော စတုတ္ထစိတ်
၅။ လောဘဟိတ်ရှိသော ပဉ္စမစိတ်
၆။ လောဘဟိတ်ရှိသော ဆဋ္ဌမစိတ်
၇။ လောဘဟိတ်ရှိသော သတ္တမစိတ်
၈။ လောဘဟိတ်ရှိသော အဋ္ဌမစိတ်
ဒေါသမူစိတ် ၂
၉။ ဒေါသဟိတ်ရှိသော ပထမစိတ်
၁၀။ ဒေါသဟိတ်ရှိသော ဒုတိယစိတ်
မောဟမူစိတ် ၂
၁၁။ မောဟဟိတ်ရှိသော ပထမစိတ်
၁၂။ မောဟဟိတ်ရှိသော ဒုတိယစိတ်
အဟိတ်စိတ် ၁၈
အကုသလ၀ိပါတ်စိတ် ၇
၁၃။ စက္ခုဝိဉာဏ်စိတ်
၁၄။ သောတ ၀ိဉာဏ်စိတ်
၁၅။ ဃာန ၀ိဉာဏ်စိတ်
၁၆။ ဇိဝှါ ၀ိဉာဏိစိတ်
၁၇။ ကာယ ၀ိဉာဏ်စိတ်
၁၈။ သမ္ပဋိစ္ဆိုန်းစိတ်
၁၉။ သန္တီရဏစိတ်
ကုသလ ၀ိပါတ်စိတ် ၈
၂၀။ စက္ခုဝိဉာဏ်စိတ်
၂၁။ သောတ ၀ိဉာဏ်စိတ်
၂၂။ ဃာန ၀ိဉာဏ်စိတ်
၂၃။ ဇိဝှါ ၀ိဉာဏိစိတ်
၂၄။ ကာယ ၀ိဉာဏ်စိတ်
၂၅။ သမ္ပဋိစ္ဆိုန်းစိတ်
၂၆။ သောမနသန္တီရဏစိတ်
၂၇။ ဥပေက္ခာ သန္တီရဏစိတ်
အဟိတ်ကြိယာစိတ် ၃
၂၈။ ပဉ္စဒွာရာ ၀ဇ္ဇန်းစိတ်
၂၉။ မနောဒွာရာဝဇ္ဇန်းစိတ်
၃၀။ ဟသိတုပ္ပါဒစိတ်
ကာမ၀စရသောဘနစိတ် ၂၄
မဟာကုသိုလ်စိတ် ၈
၃၁။ မဟာကုသိုလ် ပထမစိတ်
၃၂။ မဟာကုသိုလ် ဒုတိယစိတ်
၃၃။ မဟာကုသိုလ် တတိယစိတ်
၃၄။ မဟာကုသိုလ် စတုတ္ထစိတ်
၃၅။ မဟာကုသိုလ် ပဉ္စမစိတ်
၃၆။ မဟာကုသိုလ် ဆဋ္ဌမစိတ်
၃၇။ မဟာကုသိုလ် သတ္တမစိတ်
၃၈။ မဟာကုသိုလ် အဋ္ဌမစိတ်
မဟာဝိပါတ်စိတ် ၈
၃၉။ မဟာဝိပါတ် ပထမစိတ်
၄၀။ မဟာဝိပါတ် ဒုတိယစိတ်
၄၁။ မဟာဝိပါတ် တတိယစိတ်
၄၂။ မဟာဝိပါတ် စတုတ္ထစိတ်
၄၃။ မဟာဝိပါတ် ပဉ္စမစိတ်
၄၄။ မဟာဝိပါတ် ဆဋ္ဌမစိတ်
၄၅။ မဟာဝိပါတ် သတ္တမစိတ်
၄၆။ မဟာဝိပါတ် အဋ္ဌမစိတ်
မဟာကြိယာစိတ် ၈
၄၇။ မဟာကြိယာ ပထမစိတ်
၄၈။ မဟာကြိယာ ဒုတိယစိတ်
၄၉။ မဟာကြိယာ တတိယစိတ်
၅၀။ မဟာကြိယာ စတုတ္ထစိတ်
၅၁။ မဟာကြိယာ ပဉ္စမစိတ်
၅၂။ မဟာကြိယာ ဆဋ္ဌမစိတ်
၅၃။ မဟာကြိယာ သတ္တမစိတ်
၅၄။ မဟာကြိယာ အဋ္ဌမစိတ်
ရူပ၀စရစိတ် ၁၅
ရူပကုသိုလ်စိတ် ၅
၅၅။ ကုသိုလ် ပထမဈာန်
၅၆။ ကုသိုလ် ဒုတိယဈာန်
၅၇။ ကုသိုလ် တတိယဈာန်
၅၈။ ကုသိုလ် စတုတ္ထဈာန်
၅၉။ ကုသိုလ် ပဉ္စမဈာန်
ရူပ၀ိပါတ်စိတ် ၅
၆၀။ ၀ိပါတ် ပထမဈာန်
၆၁။ ၀ိပါတ် ဒုတိယဈာန်
၆၂။ ၀ိပါတ် တတိယဈာန်
၆၃။ ၀ိပါတ် စတုတ္ထဈာန်
၆၄။ ၀ိပါတ် ပဉ္စမဈာန်
ရူပကြိယာစိတ် ၅
၆၅။ ကြိယာ ပထမဈာန်
၆၆။ ကြိယာ ဒုတိယဈာန်
၆၇။ ကြိယာ တတိယဈာန်
၆၈။ ကြိယာ စတုတ္ထဈာန်
၆၉။ ကြိယာ ပဉ္စမဈာန်
အရူပစိတ် ၁၂
အရူပကုသိုလ်စိတ် ၎
၇၀။ ကုသိုလ် ပထမဈာန်
၇၁။ ကုသိုလ် ဒုတိယဈာန်
၇၂။ ကုသိုလ် တတိယဈာန်
၇၃။ ကုသိုလ် စတုတ္ထဈာန်
အရူပ၀ိပါတ်စိတ် ၎
၇၄။ ၀ိပါတ်စိတ် ပထမဈာန်
၇၅။ ၀ိပါတ် ဒုတိယဈာန်
၇၆။ ၀ိပါတ် တတိယဈာန်
၇၇။ ၀ိပါတ် စတုတ္ထဈာန်
အရူပကြိယာစိတ် ၎
၇၈။ ကြိယာ ပထမဈာန်
၇၉။ ကြိယာ ဒုတိယဈာန်
၈၀။ ကြိယာ တတိယဈာန်
၈၁။ ကြိယာ စတုတ္ထဈာန်
လောကုတ္တရာစိတ် ၈
မဂ်စိတ် ၎
၈၂။ သောတာပတ္တိ မဂ်စိတ်
၈၃။ သကဒါဂါမိ မဂ်စိတ်
၈၄။ အနာဂါမိ မဂ်စိတ်
၈၅။ အရဟတ္တ မဂ်စိတ်
ဖိုလ်စိတ် ၎
၈၆။ သောတာပတ္တိ ဖိုလ်စိတ်
၈၇။ သကဒါဂါမိ ဖိုလ်စိတ်
၈၈။ အနာဂါမိ ဖိုလ်စိတ်
၈၉။ အရဟတ္တ ဖိုလ်စိတ်
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
ကျမ်းကိုးစားရင်း။ ၁) ဖားအောက်တောရဆရာတော်ကြီး၏ နိဗ္ဗာန်ရောက်ကြောင်းကျင်စဉ်ကျမ်း (တ-တွဲ)
၂) ဆရာတော်ဦး ဓမ္မပိယ၏ နိဗ္ဗာန်အယူအဆကို ထေရ၀ါဒရှုထောင့်မှ လေ့လာခြင်း
၃) ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်တို့မှဖြစ်ပါသည်။

No comments:
Post a Comment